ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေး အကြို ညှိနှိုင်း

  • 8 ဒီဇင်ဘာ 2013
Image caption ရခိုင်ပြည်နယ်က စျေးတနေရာ ကို မြင်ရပုံ

ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေး အတွက် အကြို ညှိနှိုင်း ဆွေးနွေးပွဲ တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၇ရက်နေ့ထိ ရခိုင်နိုင်ငံရေး ပါတီတွေနဲ့ လူမူ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပြုလုပ်ခဲ့ပါတယ်။

အခု ချင်းမိုင်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ပြည်တွင်းထဲက ပါတီတွေနဲ့ လူမူအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ပြည်ပက ရခိုင် လက်နက်ကိုင် တော်လှန်ရေး ပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရခိုင် အမျိုးသား ညီလာခံ တစ်ခုကို လာမယ့် ဧပြီလ အတွင်း ရခိုင်ပြည်နယ် ထဲက ကျောက်ဖြူမှာ မဟုတ်ရင် တောင်ကုတ်မြို့မှာ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အခုပြုလုပ်တဲ့ အကြိုညှိနိုင်းပွဲကနေ ဖြစ်မြောက်ရေး ကော်မီတီ အပါအ၀င် ဆပ်ကော်မီတီ အသီးသီးကို ဖွဲ့စည်းခဲ့ကြတယ်လို့ ညှိနှိုင်းပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရခိုင် အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

ညီလာခံ ဖြစ်မြောက်ရေး အတွင် နိုင်ငံတော် အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ့် ၁၅ ဦးပါ ကော်မီတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ရခိုင်အမျိုးသား ညီလာခံမှာ ရခိုင်ပြည်နယ်ထဲက အရေးကြီးတဲ့ ပြဿနာတွေကိုလည်း ဆွေးနွေး အဖြေရှာသွားမယ်လို့ ညီလာခံ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့ ရခိုင်ဝါရင့် နိုင်ငံရေး သမား တစ်ဦးဖြစ်တဲ့ ဦးသာဘန်းကလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲမှာ ဆင်းရဲနိမ့်ကျနေတဲ့ ဒေသ တစ်ခု ဖြစ်သလို ပဋိပက္ခတွေ၊ ဆူပူ အကြမ်းဖက်မူတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ အတွက် အခု လာမယ့် ညီလာခံကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ အများက မျော်လင့်နေကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ