မြွေကောင်ရေ ၁၀၀၀ ကျော် ပုသိမ်ကြီး မြို့နယ်မှာ ဖမ်းမိ

  • 10 ဒီဇင်ဘာ 2013
Snake
Image caption မြန်မာ နိုင်ငံမှာ မြွေမျိုးစုံ တွေ့နိုင်

မြွေပွေးနဲ့ လင်းမြွေတွေ တင်ဆောင်လာတဲ့ သေတ္တာဗုံးတွေကို မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ် ၁၆ မိုင် စစ်ဆေးရေး ဂိတ်မှာ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တို့က ဖမ်းဆီး မိခဲ့ပါတယ်။

စစ်ဆေးရေးဂိတ် တာဝန်ခံတွေက ပုံမှန် အတိုင်း ကုန်ကားတွေ၊ လူစီးကားတွေကို စစ်ဆေးရာမှာ မြွေပွေးနဲ့ လင်းမြွေတွေ ကိုထည့် လာတဲ့ သစ်သား သေတ္တာ အလုံး ၃၀ ကို ဒီဇင်ဘာ ၇ ရက်နေ့က ဖမ်းဆီးမိခဲ့တယ်လို့ နယ်မြေခံ အုန်းချော ရဲစခန်းက စခန်းမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

အဲဒီနေ့က သယ်ယူလာတဲ့ မြွေကောင်ရေ ၇၇၈ ကောင်ရှိပြီး နောက်တစ်နေ့မှာတော့ ဖော့ဗူး ၁၀ ဗူးနဲ့ ထည့်ယူလာတဲ့ မြွေ ၂၅၃ ကောင်ကို ဖမ်းမိတယ်လို့ သူက ပြောပါတယ်။

ဒီမြွေ တွေကို တရုတ်နိုင်ငံ ဘက်ဆီ သယ်ယူသွားဖို့ ဖြစ်တယ်လို့ အကြမ်းဖျဉ်း သိရကြောင်းလည်း စခန်းမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

၁၆ မိုင် စစ်ဆေးရေး ဂိတ်က အကောက်ခွန် ဦးစီးအရာရှိ ဗိုလ်ကြီးမင်းသန်းထိုက်က တော့ ၇ ရက် နေ့က ဖမ်းဆီးမိတဲ့ လင်းမြွေနဲ့ မြွေပွေး တွေထဲက အသေတွေကို ဖယ်ပြီး ကျန်တဲ့ အကောင်ရေ ၇၀၀ ကျော်ကို ရတနာပုံ တိရိစ္ဆာန် ဥယာဉ်ဆီ ဒီဇင်ဘာ ၈ ရက်နေ့ကပဲ လွှဲပြောင်း ပေးပို့လိုက်ပြီ လို့ပြောပါတယ်။

မြွေတွေကို သယ်ဆောင်လာတဲ့ ကားသမားတွေ ထွက်ပြေးသွားကြ ပေမဲ့ ပထမနေ့က ဆယ်ဘီး ကားကြီးပေါ်ကနေ သုံးဘီးကားဆီ မြွေတွေ ကဲ့ယူနေတဲ့ သုံးဘီး ကားမောင်း သမားကိုတော့ ဖမ်းမိထားတဲ့ အတွက် စစ်ဆေး နေတယ်၊ သစ်တောဆိုင်ရာ ဥပဒေအရ ဆက်လက် အရေးယူ လုပ်ဆောင်သွားမယ်လို့ လည်းဗိုလ်ကြီး မင်းသန်းထိုက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ