နိုင်ငံကူးလက်မှတ်နဲ့ တရုတ်နယ်စပ် ဖြတ်သန်းခွင့်

  • 12 ဒီဇင်ဘာ 2013
Image caption တရုတ် မြန်မာ နယ်စပ်ဂိတ် တစ်နေရာ

မြန်မာ-တရုတ်နယ်စပ် နယ်စပ်ဂိတ်တွေကနေ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင် ဖြတ်သန်းသွားလာခွင့် ပြုဖို့အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေ စတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မြန်မာ-တရုတ် နယ်စပ်မှာ တရားဝင် နယ်စပ်ဂိတ်အဖြစ် မူဆယ် - ရွှေလီ၊ မိုင်းလား - တာ့လော် အစရှိတဲ့ ဂိတ်ပေါင်း ၈ ခုရှိပြီး အဲ့ဒီ နယ်စပ်ဂိတ်တွေကနေ နိုင်ငံကူးလက်မှတ်နဲ့ ဝင်ချင်တဲ့အပေါက်က ဝင်ပြီး ထွက်ချင်တဲ့ အပေါက်က ပြန်ထွက်နိုင်ဖို့ကို ပြင်ဆင်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်နဲ့ မြန်မာ နယ်စပ်တဝိုက် ဖြတ်သန်းသွားလာနိုင်တဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ ၇ ရက် သွားလာခွင့် ပြုထားတာဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာ နယ်စပ် ဂိတ် ၄ ခုကနေ နိုင်ငံကူးလက်မှတ်နဲ့ ဝင်ထွက်သွားလာခွင့်ကို ပြီးခဲ့တဲ့ သြဂုတ်လက စတင် ခွင့်ပြုခဲ့ပြီ ဖြစ်ပါတယ်။ တစ်လကို အဝင်အထွက် ၅ဝဝ ကျော်ရှိပြီး တစ်လထက်တစ်လ ဝင်ထွက်မှု မြင့်တက်လာနေတယ်လို့ ခရီးသွား ဖွံ့ဖြိုးရေးဌာနက ပြောပါတယ်။

အိန္ဒိယ နယ်စပ်နဲ့ ဘင်္ဂလာဒေရှ့် နယ်စပ်ကနေ နိုင်ငံကူးလက်မှတ်နဲ့ ခွင့်ပြုဖို့တော့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ