ကော့မှူးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး လူထု စုဝေးပွဲ

  • 14 ဒီဇင်ဘာ 2013
dassk
Image caption ဥရောပခေါင်းဆောင် တွေ နဲ့တွေ့စဉ် တုန်း ကလည်း ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံပြင်ဖို့ ဆွေးနွေးခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ စနေနေ့က သူ့ရဲ့ မဲဆန္ဒနယ် ကော့မှူးကိုသွားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထု စုဝေးပွဲ ကို တက်ရောက်မိန့်ခွန်း ပြောခဲ့ပါတယ်။

အခုလက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ ပြည်သူနဲ့ တပ်မတော်ကြား သွေးကွဲအောင်လုပ်ထားတဲ့ အခြေခံဥပဒေ သာ ဖြစ်တယ်လို့ သူ့မိန့်ခွန်းမှာ ဆွဲဆောင်စည်းရုံးပြောဆိုခဲ့တဲ့ ဒီလူထု စုဝေးပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ နဲ့ သူတို့ကိုထောက်ခံတဲ့ လူထုတွေ စုစုပေါင်း ၆၀၀၀ ကျော်တက်ရောက်ခဲ့တယ် လို့ ခန့်မှန်းကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူကြားဖြတ်ရွေးကောက်ပွဲ ဝင်စဉ်ကလည်း ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်မယ်လို့ ကတိပြု မဲဆွယ်ခဲ့သလို ပြင်ဆင်နိုင်ရေး အတွက်လည်း ကြိုးစား နေပါတယ်။

သူဟာ နိုင်ငံတကာ ကခေါင်းဆောင်တွေ နဲ့ဆုံတိုင်းလည်း မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အရေးကြီးကြောင်း ဆွေးနွေးသလို အခုလို လူထုစည်းဝေးပွဲတွေမှာလည်း ကိုယ်တိုင်တက်ရောက် ပြီး စည်းရုံးနေတာပါ။

ပရိဿတ်ထဲက တယောက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့လည်းမရ၊ အသစ်ရေးလို့လည်းမရ တဲ့ အခြေကိုဆိုက်မယ် ဆိုရင် ဘာဆက်လုပ်မလဲ ဆိုတဲ့အမေး ကို တော့ ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြီးညှိနှိုင်း ဆွေးနွေးသွားမယ် လို့ ဖြေသွားကြောင်း သိရပါတယ်။