ဖွဲ့စည်းပုံပြင်ရေး ဆန္ဒမစောသင့်လို့ ဆို

  • 16 ဒီဇင်ဘာ 2013
assk
Image caption ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ရေး စည်းရုံးဟောပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ တခြားပါတီတွေ၊ တိုင်းရင်းသားတွေရဲ့ သဘောထားလည်း ရယူဖို့ လိုတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့ ဥပဒေအကြံပေး ဒေါက်တာ ဆလိုင်း ငုံကျုံးလျှံက သူ့အမြင်ကို ပြောပါတယ်။

၂၀၀၈ မှာ ဖွဲ့စည်းပုံမှာ ကောင်းမွန်တဲ့အချက်တွေရှိသလို အားနည်းတဲ့ အချက်တွေလည်း ရှိတယ်၊ အခုချိန်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါနေတာကို ပြင်ဖို့ ပြောတာဟာ ဆန္ဒစောသလို ဖြစ်နေမှာ စိုးတယ်လို့ ဒေါက်တာ ဆလိုင်း ငုံကျုံးလျှံက ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေဟာ ၂၅ ရာခိုင်နှုန်းကို အမြဲယူထားမှာ မဟုတ်ပဲ လျော့သင့်တဲ့အချိန်ရောက်ရင် ဒီအရေအတွက်ကို လျော့ပေးမယ်လို့ ပြေားထားတာ တွေ့ရကြောင်း ဒေါက်တာ ဆလိုင်း ငုံကျုံးလျှံက ပြောပါတယ်။

ပဲခူးတိုင်း သာယာ၀တီ ခရိုင်မှာ NLD က ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး တိုင်းလုံးကျွတ် လူထုဆန္ဒရယူပွဲကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရာမှာ ဖွဲ့စည်းပုံ မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူး၊ ဒီအတိုင်းဆက်သွားရင် တပ်မတော်သားတွေနဲ့ လူထုကလည်း ဆက်လက် ဝေးကွာနေမယ်လို့ ပြောခဲ့ကြောင်း သနပ်ပင် မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြန်ပြောပြပါတယ်။