ဖွဲ့စည်းပုံပြင်မှ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမယ်

  • 16 ဒီဇင်ဘာ 2013
Image caption မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ပဲခူးတိုင်း သာယာ၀တီ ခရိုင်မှာ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တိုင်းလုံးကျွတ် လူထု ဆန္ဒရယူပွဲကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

လူ သောင်းဂဏန်း တက်ရောက်တဲ့ ပွဲမှာ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့ပါတယ်။

ပဲခူးတိုင်း (အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ) သနပ်ပင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနဲ့ ပတ်သက်ပြီး ၂ဝဝဂ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တရားမျှတမှု မရှိလို့ ပြင်ဖို့ ပြောနေတာဟာ စစ်တပ်ကို အသိအမှတ် မပြုတာ မဟုတ်ဘူးလို့ ဒေါ်စုက ဆိုကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူနဲ့ တပ်မတော် တသားတည်း ဖြစ်စေချင်ပြီး ချစ်ချစ်ခင်ခင် ရှိစေချင်တဲ့အပြင် စစ်တပ်က ပိုအခွင့်အရေးယူတာ မဖြစ်သင့်ဘူးလို့ ပြောကြောင်း ဦးမြင့်ဦးက ဆိုပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တပ်နဲ့ ပြည်သူ နီးစပ်အောင် မလုပ်ဘူး ဖြစ်နေတယ် ၊ ဒါကြောင့် ပြင်ကို ပြင်ရမယ်လို့ ဆိုကြောင်း သူက ပြောပါတယ်။

တက်ရောက်လာတဲ့ လူတွေက စည်းကမ်း ရှိရှိနဲ့ အာရုံစိုက် နားထောင်ခဲ့ကြပြီး မေးခွန်းတွေလည်း မေးခဲ့ကြသလို တကယ်လို ဖွဲ့စည်းပုံ ပြင်လို့မရရင် ဘာလုပ်မလဲ ဆိုတဲ့ အမေးကိုတော့ ဒေါ်စုက တုန့်ပြန်ရာမှာ လုပ်စရာ နည်းလမ်းတွေ အများကြီး ရှိကြောင်းနဲ့ ဘာဆက်လုပ်ရမလဲ ဆိုတာကိုလည်း စဉ်းစားထားပြီးပြီလို့ ပြောကြောင်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ