သတ္တု တူးဖေါ်ရေး Noble Gold ကုမ္ပဏီ ပြင်ဆင်

  • 15 ဒီဇင်ဘာ 2013
mining_
Image caption သတ္တု တူးဖေါ်ရေး မြစ်ကြောင်း အနီးလေ့လာ

ဧရာဝတီမြစ်၊ မူးမြစ်နဲ့ ချင်းတွင်းမြစ်တို့ ပေါင်းဆုံတဲ့ မြစ်ဖျား တိုင်းဒေသ က နန့်ဆာစီ ချောင်းဘေးတစ်တလျှောက် နန့်တခွန် သစ်တောကြိုးဝိုင်းထဲမှာ ရှိတဲ့ ဧက သုံးသိန်း မြေနေရာမှာ ရုရှား နိုင်ငံက သတ္တု တူးဖေါ်ရေး ကုမ္မဏီ တခုဖြစ်တဲ့ Noble Gold ကုမ္ပဏီက သတ္တု တူးဖေါ်ရေး လုပ်ငန်းတွေ လုပ်ဖို့ လေ့လာ နေတာနဲ့ ပတ်သက်လို့ ဒေသခံတွေ က စိုးရိမ်မှု တွေ ပေါ်ထွက် နေပါတယ်။

အဲဒီ နေရာကို ကိုယ်တိုင် ရောက်ခဲ့ပြီး Noble Gold ကုမ္ပဏီရဲ့ ဓါတ်ခွဲ စမ်းသပ်မှုတွေကို မျက်မြင်တွေ့ခဲ့ရတဲ့ ကိုစိုးမိုးက သတ္တု တူးဖေါ်မှုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ အနေနဲ့ မြစ်ချောင်းတွေ ဆုံတဲ့ နေရာမှာ ငရဲမီး အက်စစ် ကို အမြောက် အမြား သုံးခဲ့ရင် မြစ်ချောင်း ထဲ စီးဝင်ရာက အဆိပ်သင့်နိုင် ကြောင်း ဘီဘီစီကို ပြောပြပါတယ်။

အဲဒီ မှာရှိတဲ့ ကဒူးရွာ ၅ ရွာက ဒေသခံတွေ က တော့ သတ္တု တူးဖေါ်မှုရဲ့ အကျိုးဆက် တွေ ကို သိပ် မသိကြပဲ Noble Gold ကုမ္ပဏီ က လေ့လာမှု ကန်ထရိုက် သက်တမ်း အပြီး သတ္တု တူးဖေါ်မှုတွေ လုပ်လာတဲ့ အခါကျရင် သူတို့ရဲ့ ရွာတွေ ရွှေ့ပြောင်း ပေးရမှာ ကို တွေးပြီး စိုးရိမ် နေကြတယ်လို့ ဆိုပါတယ်။

Noble Gold ကုမ္ပဏီဟာ အဲဒီ ဒေသမှာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ လေ့လာမှု survey တွေ လုပ်နေတာ ၂၀၁၀ခုနှစ် ကတည်းက ဖြစ်ပြီး လာမယ့် ၂၀၁၄ ခုနှစ် မှာ လေ့လာမှု ကန်ထရိုက် သက်တမ်း ပြည့်မှာ ဖြစ်ပါတယ်။ အဲဒီ ဒေသမှာ Noble Gold ကုမ္ပဏီ အပါအဝင် သတ္တု တူးဖေါ်မှု လုပ်ငန်းတွေ မလုပ် နိုင်အောင် ဒီကိစ္စ ကို သယံဇာတ ကော်မတီဝင် လည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်သူမှ တဆင့် လွှတ်တော် မှာ၊ လာမယ့် နှစ် ဇန္နဝါရီလ လယ် လောက်မှာ တင်ပြဖို့ စီစဉ် နေကြောင်း ကိုစိုးမိုး က ဘီဘီစီ ကို ပြောပါတယ်။