မြန်မာ အိမ်အကူ အမျိုးသမီးတွေကို ဟောင်ကောင်က ခေါ်ဖို့ လုပ်နေ

  • 16 ဒီဇင်ဘာ 2013
Image caption ဟောင်ကောင်မှာ အိမ်အကူအဖြစ် လာရောက် အလုပ် လုပ်ကိုင်နေသူ အများစုဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က ဖြစ်

မြန်မာ အိမ်အကူ အမျိုးသမီးတွေကို တလ ဒေါ်လာ ၅၀၀ကျော်နဲ့ ခေါ်ယူဖို့ မြန်မာ အလုပ်သမား ဝန်ကြီးဌာနကို ဟောင်ကောင်က ကမ်းလှမ်းထားပါတယ်။

အခုအခါ ပထမ အသုတ်အနေနဲ့ လူ ၂၀၀ ကမ်းလှမ်း ထားပြီး လိုအပ်တာတွေ ပြင်ဆင် ဆောင်ရွက်နေပြီလို့ မြန်မာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ဘီဘီစီ ကို ပြောပါတယ်။

ဟောင်ကောင်မှာ အိမ်အကူ အဖြစ် သွား အလုပ်လုပ်နိုင်ဖို့အတွက် တရုတ်ဘာသာစကား တတ်ကျွမ်းဖို့ လိုသလို အိမ်အကူလုပ်ငန်း ဆိုင်ရာ သင်တန်းတွေ တက်ထားရမှာ ဖြစ်တယ်လို့ ဦးမျိုးအောင်က ပြောပြပါတယ်။

ဒါ့အပြင် လျှပ်စစ်ပစ္စည်း အသုံးပြုနည်းတွေကိုလည်း သိထားဖို့ လိုတယ်လို့ ဆိုပါတယ်။

မြန်မာ အိမ်အကူ အမျိုးသမီးတွေကို ဟောင်ကောင်က ဒီလို ခေါ်ယူတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

မြန်မာ အိမ်အကူ အမျိုးသမီးတွေ အများစုဟာ စင်္ကာပူ၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ သွား ရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။