မြန်မာနိုင်ငံမှာ အားလုံး ယုံကြည် လက်ခံမယ့် အခြေခံဥပဒေ အဖြစ် ပြင်သင့်

  • 17 ဒီဇင်ဘာ 2013
အီးယူ မြန်မာလုပ်ငန်းအဖွဲ့ အစည်းအဝေး
Image caption အီးယူ မြန်မာလုပ်ငန်းအဖွဲ့ အစည်းအဝေး

ဥရောပ သမဂ္ဂကောင်စီက အီးယူမြန်မာ လုပ်ငန်းအဖွဲ့ Task Force ရဲ့ ဆောင်ရွက် ချက်တွေကို ကြိုဆို လိုက်ပြီး မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေကို မဖြစ်မနေ ဆက်လုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ဘရပ်ဆဲလ်မှာ ပြုလုပ်တဲ့ အီးယူ နိုင်ငံခြားရေး ကောင်စီရဲ့ ကြေညာချက်နဲ့ပတ်သက်လို့ နိုင်ငံခြားရေး မူဝါဒအကြီးအကဲရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာယာက လက်ရှိ လူ့အခွင့်အရေး ဒိုင်ယာလော့ကိစ္စ၊ ရင်းနှီးမြှုပ်နှံရေး အတွက်ပြင်ဆင်နေမှုနဲ့ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်က မြန်မာကို ငွေချေးရေးကိစ္စတွေကို ကြိုဆိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခြေခံဥပဒေကိုမပြင်ရင် လာမယ့်ရွေးကောက်ပွဲ တရားမျှတမှု ရှိနိုင်မလား ဆိုတာနဲ့ပတ်သက်လို့ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကော်မီတီဖွဲ့ ဆောင်ရွက်နေတဲ့အပေါ်ကြိုဆိုကြောင်း အီးယူဘက်က သဘောထားပါတယ်။

တချိန်တည်းမှာပဲ ခေတ်မီတဲ့ ဒီမိုကရေစီစံနစ်နဲ့ ကိုက်ညီမယ့် အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲစံနစ်ပေါ်ပေါက်အောင် ပြင်တာ အီးယူက မြင်တွေ့လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းပါတယ်။

အခြေခံဥပဒေဟာ အားလုံး ယုံကြည်လေးစား လက်ခံပြီး ပွင့်လင်း မြင်သာဖို့လိုတယ်၊ ၂၀၁၅ခု ရွေးကောက်ပွဲမှာ မည်သူမဆို လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်ခွင့် ရှိရမယ်လို့ လည်းအီးယူအဖွဲ့က တိုက်တွန်းသွားပါတယ်။

ဒါပေမယ့် ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ကြာရှည်ပြီး ခက်ခဲနိုင်တယ်ဆိုတာ သဘောပေါက်ကြောင်း၊ အီးယူဘက်က အပြောင်းအလဲတွေ အတွက်အားပေး ကူညီသလို မြန်မာအစိုးရ ဘက်ကလည်း အပြောင်းအလဲတွေကို စိတ်အားတက်ကြွစွာ ဆက်လုပ်ဖို့လိုမယ်လို့ မာယာက ဘီဘီစီကို ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ