တိုင်းရင်းသား ၁၃၅မျိုး အမည်များ ပြန်စိစစ်ဖို့ တိုက်တွန်း

  • 18 ဒီဇင်ဘာ 2013
ပြည်ထောင်စုနေ့ တက်ရောက်လာတဲ့ တိုင်းရင်းသားများ
ပြည်ထောင်စုနေ့ တက်ရောက်လာတဲ့ တိုင်းရင်းသားများ

မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅မျိုး သတ်မှတ်ထားတာဟာ လက်တွေ့ မှာ အဲ့ဒီလောက်မရှိပဲ လူမျိုးတမျိုးထဲကို ခွဲခြားထားလို့ များနေတာဖြစ်ပြီး ဒါတွေကို ပြန်လည် ပြင်ပေးဖို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနကို တင်ပြသွားမယ်လို့ ရှမ်း၊ ချင်း၊ ကရင်၊ ကယား အစရှိတဲ့ တိုင်းရင်းသား ပါတီ ၂ဝ ကျော်က ဒီဇင်ဘာ ၁၇ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

တိုင်းရင်းသားပါတီတွေက ထောက်ပြတာက ရှမ်းလူမျိုးထဲမှာ ၃၅ မျိုးလောက်ခွဲထားကြောင်း ချင်းလူမျိုးမှာ ၅ဝ ကျော် ကချင်ဆိုရင်လည်း ၁ဝ မျိုးကျော်ခွဲထားကြောင်း လူမျိုးတူပြီး နေရာဒေသ အလိုက်ခွဲထားလို့လူမျိုးစု ၁၃၅ မျိုးဖြစ်နေကြောင်း၊ဒါတွေကို ပြန်ပြင်ဖို့လိုကြောင်းပြောကြပါတယ်။

နမူနာအားဖြင့် ကချင်လူမျိုးစုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ဒီမိုကရေစီဥက္ကဌ ဒေါက်တာတူးဂျာက ဒေသအလိုက် ဂျင်းဖေါကိုဘဲ၆ မျိုးလောက်ခေါ်နေလို့ ကချင်ဆို ၁၄မျိုး လောက်ဖြစ်နေတယ်လို့ထောက်ပြပါတယ်။

တိုင်းရင်းသားနာမည်တွေ ကို သန်းခေါင်စာရင်းမကောက်ခင်ပြင်ဖို့ တိုင်းရင်းသားပါတီတွေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနကို တင်ပြသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောသန်းမြင့်က ပြောပါတယ်။

ပြင်ချင်ရင်တော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အစိုးရ ဝန်ကြီးများအဖွဲ့ကိုဖြစ်ဖြစ် လွှတ်တော်ကိုဖြစ်ဖြစ် တင်သွင်းပြင်နိုင်ကြောင်း သန်းခေါင်စာရင်း မကောက်မီ ပြင်ဖို့တော့ မှီမှာမဟုတ်ဘူးလို့ ယူဆကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောသွားပါတယ်။