နိုင်ငံတကာပြည်ပရွှေ့ အခြေစိုက်သူများနေ့

  • 18 ဒီဇင်ဘာ 2013
Image caption ပြည်ပ ရွှေ့ပြောင်း အလုပ်သမား

ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ကို ပြည်ပ ရွှေ့ပြောင်း အခြေစိုက်သူ များ နိုင်ငံတကာနေ့ အဖြစ် ကုလသမဂ္ဂ အဖွဲ့ကြီး က သတ်မှတ် ပြဌာန်း ခဲ့တာ ဒီနှစ် ဆိုရင် ၁၃နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။

ပြည်ပ ရွှေ့ပြောင်း အခြေစိုက်သူ များနေ့ ဖြစ်ပေါ် လာပုံ ဟာ ပြည်ပထွက် အလုပ်လုပ်နေကြသူ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးရေး နိုင်ငံတကာ ပဋိဉာဉ် စာတန်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ က ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ရက် နေ့ မှာ အတည်ပြု ပြဌာန်း ခဲ့တာပါ။

၁၉၉၇ခုနှစ် မှာတော့ ဖိလစ်ပိုင် နဲ့ တခြားအာရှနိုင် ငံက ပြည်ပ ရွှေ့ပြောင်း အခြေစိုက်သူများ အသင်းအဖွဲ့တွေက ဒီဇင်ဘာလ ၁၈ရက်နေ့ကို နိုင်ငံတကာဆိုင်ရာ ပြည်ပ ရွှေ့ပြောင်း အခြေစိုက်သူများ သွေးစည်းညီညွတ်ရေးနေ့ အဖြစ် သတ်မှတ် ကျင်းပခဲ့ကြပါတယ်။

၂၀၀၀ ခုနှစ် မှာတော့ ကုလသဂ္ဂ အထွေထွေ ညီလာခံကြီး ကနေ ဒီဇင်ဘာလ ၁၈ရက်နေ့ကို ပြည်ပ ရွှေ့ပြောင်း အခြေစိုက်သူများ နိုင်ငံတကာနေ့ အဖြစ် တရားဝင် သတ်မှတ် ကြေညာလိုက်တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်း တွေ အရ လက်ရှိ မှာ နိုင်ငံ ရွှေ့ပြောင်း နေထိုင်သူတွေ ခန့်မှန်းခြေ ၂၃၂ သန်း ရှိတယ် လို့ သိရ ပါတယ်။

ဒီအထဲမှာ နိုင်ငံရေး စီးပွားရေး အကြောင်း အမျိုးမျိုး ကြောင့် ပြည်ပ မှာ အခြေစိုက်နေရတဲ့ မြန်မာတွေ လည်း ပါဝင် ပါတယ်။

အိမ်နီးချင်း အာရပ်စော်ဘွားများ နိုင်ငံ ဒူဘိုင်းမြို့ မှာ သွားအလုပ် လုပ်ကိုင်နေတဲ့ ဟိုတယ် ဝန်ထမ်း ကိုအောင်သန်းထွန်းက ဒူဘိုင်းမှာ သူအလုပ်ရခဲ့ ပုံကို ဘီဘီစီ ကို ပြောပြ ရာမှာ အလုပ်သမားရှာဖွေတဲ့ အဖွဲ့ မြန်မာနိုင်ငံ ရောက်လာရာမှ ဟိုတယ် မှာ အလုပ်ရပုံ၊ အင်တာနက် အွန်လိုင်းမှာ လျှောက် လို့ ရသလို ပွဲစားက တဆင့် ရနိုင်ပုံ လည်း ရှင်းပြ ပါတယ်။ ဒါပေမယ့် ခုလို ပြည်ပမှာ အလုပ်ရဖို့ ကိုအောင်သန်းထွန်းလိုတော့ လူတိုင်း အဆင်မပြေနိုင်ပါဘူး။

မြန်မာနိုင်ငံ ကနေ ထိုင်းနိုင်ငံကို ထွက်၊ အဲဒီကနေတဆင့် မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်သွားလုပ်နေတဲ့ မနန်းမိုက သူ့ရဲ့ အတွေ့အကြုံကို ခုလို ဘီဘီစီ ကို ပြောရာမှာ တောထဲမှာ ငတ်ပြတ်ခဲ့ရပုံ၊ လမ်းခရီး မှာ ၂ နာရီ၊ ၃ နာရီ ကြာအောင် လမ်းလျှေက် ခဲ့ရပုံ ပြောပြပါတယ်။

ဒါပေမဲ့ မိမိနိုင်ငံ မှာ ဝင်ငွေ ထွက်ငွေ မမျှလို့ ပြည်ပ ထွက် အလုပ် လုပ်မှ တယောက်ထဲ လုပ်ပြီး အိမ်ကို ငွေပို့ နိုင်ပုံ ကိုရှင်းပြပါတယ်။

အခုလို ပြည်ပ ထွက်ပြီး တရားဝင် အလုပ်လုပ်ကိုင် နေသူတွေ ရော တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေ က သူတို့ရဲ့ ဝင်ငွေတွေကို ဇာတိ နိုင်ငံတွေဆီ ပြန်ပို့ ပေးနေတာကြောင့် အဲဒီ နိုင်ငံတွေရဲ့ စီးပွားရေးကို တဘက်တလမ်းကနေ အထောက်အကူ ပြုနေတာ လည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ဒီကနေ့ ကျရောက်တဲ့ ပြည်ပ ရွှေ့ပြောင်း အခြေစိုက်သူများ နိုင်ငံတကာနေ့ ဟာ အခုလို ပြည်ပ ထွက်ပြီး အလုပ်လုပ်ကိုင် နေသူတွေကြောင့် သူတို့ နိုင်ငံ စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေတာကို အသိအမှတ်ပြုကြောင်း ပြသတဲ့ အနေ နဲ့ရော၊ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ကို လေးစားကြဖို့ လှုံ့ဆော်တဲ့ အနေ နဲ့ပါ ဆင်နွဲ ကျင်းပတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီး က ပြောပါတယ်။