အမေရိကန်အရေးယူမှု ကို မြန်မာ အစိုးရ တုံ့ပြန်

  • 19 ဒီဇင်ဘာ 2013
arms
Image caption လက်နက် ထုတ်လုပ်မှု

မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ အရာရှိ တယောက်နဲ့ စီးပွားရေး လုပ်ငန်း ၃ ခုကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူမှု အသစ်တရပ် အင်္ဂါနေ့က ပြုလုပ်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက် ကုန်သွယ်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အခုလို အရေးယူလိုက်တာပါ။

အရေးယူပိတ်ပင်ခံရသူတွေကတော့ ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦး၊ အေးရှ မက်တဲလ် ကုမ္ပဏီ၊ စိုးမင်းထိုက် ကုမ္ပဏီ၊ အိတ်ဇဲလန့်စ် ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုးရီးယား နဲ့ မြန်မာနိုင်ငံ ဟာ သံတမန် အဆက်အသွယ် ရှိတဲ့ အကြောင်း၊ နိုင်ငံတကာ နဲ့ ချစ်ကြည်ရင်းနှီးစွာ ရှိတဲ့ မူဝါဒ ကြောင့် ဖြစ်ကြောင်း၊ ဒါပေမယ့် အစိုးရသစ် တာဝန်ယူပြီးတဲ့ နောက်မှာ မြောက်ကိုးရီးယား နဲ့ ပတ်သက်ရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာ ဆောင်ရွက် တယ် လို့ နိုင်ငံတော် သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဂျပန် အာဆီယံ နှစ် ၄၀ ဆက်ဆံရေး အခန်းအနား မှာလည်း မြောက်ကိုးရီးယား ကို အနုမြူ ကင်းမဲ့ဇုံ အဖြစ် ဆောင်ရွက်ရေး ကိုလည်း သမ္မတ ဦးသိန်းစိန် က ထောက်ခံခဲ့ ကြောင်း ဦးရဲထွဋ် က ပြောပါတယ်။ အရေးယူ ဒဏ်ခတ် စါရင်း ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦး ဆိုသူ၊ တပ်ထဲ ရှိမရှိ ဆိုတာလည်း မပြောနိုင်၊ တသီးပုဂ္ဂိုလ် နဲ့ ကုမ္ပဏီ တွေ ကို အရေးယူတာ ဖြစ်တဲ့ အတွက် လောလောဆယ် မှတ်ချက် မပေးနိုင်သေးကြောင်း လည်း ဦးရဲထွဋ် က ပြောပါတယ်။

ဒီကိစ္စ ကြောင့်လည်း မြန်မာ အမေရိကန် ဆက်ဆံရေး ကို ထိခိုက်မှု မရှိနိုင်သလို၊ အစိုးရ ရဲ့ ရပ်တည်ချက် ကို အမေရိကန် က သဘောပေါက်ပြီး ဖြစ်ကြောင်း၊ အမေရိကန် ရဲ့ စိုးရိမ်မှု ကိုလည်း မြန်မာဘက် က နားလည်ကြောင်း လည်း နိုင်ငံတော် သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။