ကွမ်းလုံမြို့အနီး ဗုံးပေါက်ကွဲ

  • 19 ဒီဇင်ဘာ 2013
Shan
Image caption ရှမ်းပြည်နယ် ကွမ်းလုံမြို့တွင် ပေါက်ကွဲမှုဖြစ်

ကွမ်းလုံမြို့ အနီး ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက် အရ ချိန်ကိုက်ဗုံး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လေးလုံး ထိုးစက် တပ်ထားတဲ့ ထော်လာ ဂျီကားထဲမှာ ဗုံးပေါက်ကွဲခဲ့ တာဖြစ်ပါတယ်။

ဗုံးက ပြင်းထန်တဲ့ အတွက် ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ စစ်သား တယောက် သေဆုံးပြီး လမ်းပြင် စက်မောင်းတဲ့ အမျိုးသား ၂ ယောက်လည်း သေဆုံးသလို နောက် ၂ ယောက်လည်း ဒဏ်ရာရ သွားတယ်လို့ ကွမ်းလုံ ရဲစခန်းက အတည်ပြု ပြောပါတယ်။

ထော်လာဂျီ မောင်းသမား ကိုကို ဆိုသူနဲ့ အမျိုးသမီး တယောက် ကတော့ အစအနတွေ ဖြစ်ပြီး အဝေးကို လွင့်စင် သွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာ အစအနတွေ ပြန်တွေ့လို့ သေဆုံးသူ ၅ ယောက် ဖြစ်ကြောင်း သိရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ ထော်လာဂျီက သံလွင်မြစ် အနောက် ဘက်ခြမ်းကနေ တံတားကို ဖြတ်လာပြီး ကွမ်းလုံမြို့ကို အလာမှာ ပေါက်ကွဲတာ ဖြစ်တယ်လို့ ဗုံးပေါက်ကွဲတဲ့နေရာကို သွားကြည့်ခဲ့သူ တယောက်က ပြောပြပါတယ်။

ထော်လာဂျီမှာ တပ်ဆင်ထားတဲ့ နံပါတ်ဟာ နံပါတ်အတုဖြစ်တဲ့ အတွက် လက်သည် တရားခံကိုလည်း မဖော်ထုတ် နိုင်သေးဘူးလို့ ဆိုပါတယ်။

အခုပေါက်ကွဲမှုဟာ တံတားကို ဖေါက်ခွဲဖို့ရည်ရွယ်ပုံရတယ်လို့ ရဲက ယူဆထားပါတယ်။

ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တာကို ဆက်လက်စုံစမ်းနေတယ်လို့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာနက ဒုတိယရဲမှူးကြီး မင်းအောင်က ပြောပါတယ်။