ပညာရေး မူဝါဒသစ်တွေကို ဆရာများ သမဂ္ဂက လက်မခံနိုင်

  • 21 ဒီဇင်ဘာ 2013
Image caption ရန်ကုန် တက္ကသိုလ်ကို ခန့်ငြား ထည်ဝါစွာ တွေ့ရ

ပညာရေးစံနစ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ ကာလမှာ အာဏာပိုင်တွေဖက်က မူကြမ်း အဖြစ် ရေးဆွဲထားတဲ့ ပညာရေး မူဝါဒက အချက်တွေကို တက္ကသိုလ် အသီးသီးက ဆရာများ သမဂ္ဂက လက်မခံနိုင်ကြဘူးလို့ သိရပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာန ထိန်းချုပ်မှုအောက်ကနေ ဗဟိုကောင်စီ ထိန်းချုပ်မှုအောက်ကို ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် အမည်သာ ပြောင်းလဲသွားပြီး တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တကယ်တမ်း မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒဂုံတက္ကသိုလ် ဆရာများ သမဂ္ဂ အတွင်းရေးမှုး ဦးဇော်မျိုးလှိုင်ကို မေးမြန်းကြည့်တဲ့ အခါ အခုလ ၁ဂ ရက်နေ့တုန်းက အစည်းအဝေး ဆုံးဖြတ်ချက် မူကြမ်းကို သူတို့ကို ပြခဲ့ပြီး တက္ကသိုလ် ဗဟို ကောင်စီ မလိုဘူးလို့ ပြောခဲ့ကြောင်း သူက ရှင်းပြပါတယ်။

မူကြမ်းထဲမှာ ပါမောက္ခချုပ်တွေ ၇၅ ရာခိုင်နှုန်း ၊ တခြား အဖွဲ့က ပညာရှင်တွေ ၂ဝ ကျော်နဲ့ ဆရာ တယောက်စီ ၊ ကျောင်းသား တယောက်စီ ပါဝင် ဗဟိုကောင်စီကို ဖွဲ့စည်းဖို့ ပြင်ထားတယ်လို့ သူက ဆိုပါတယ်။

ဆရာသမဂ္ဂက Education Freedom ရဖို့ အတွက် Autonomy ပေးမယ်လို့ ဆိုထားပြီး ဗဟိုကောင်စီ ဖွဲ့မှာကို စိုးရိမ် နေတယ်လို့ သူက ပြောပါတယ်။

တက္ကသိုလ် တခုချင်းက သီးခြား လွတ်လပ်နေရမှာ ဖြစ်ပြီး တက္ကသိုလ် အပေါ်မှာ ဗဟိုကောင်စီ ရှိနေရမှာ မဟုတ်ဘဲ အခုတော့ မူကြမ်း ရေးနေချိန်မှာ အပေါ်က ပါချုပ်တွေနဲ့ ပေါင်းရေးပြီး သူတို့ကို လာပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ပြီးလုပ်သွားမှာကတော့ ဒီဇင်ဘာ ၂၁ ရက်မှာ အီးစီ အဖွဲ့ဝင်တွေနဲ့ အစည်းအဝေး ထိုင်ပြီး အသင်းဝင် အများစုက လက်မခံရင် ဆရာများ သမဂ္ဂက ကန့်ကွက်စာ ပို့မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။