KIA စစ်သားစုဆောင်းမှု ရှမ်းတွေ ကန့်ကွက်

  • 20 ဒီဇင်ဘာ 2013
Image caption ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင်ခံရသူ ၅၀ ကျော်ရှိပြီး ၂၆ ဦး ပြန်လွတ်လာ

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စစ်သားစုဆောင်းတာကို ကန့်ကွက်တဲ့အနေနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ လူ (၇၀၀)လောက် စုဝေး တွေ့ဆုံပွဲ လုပ်ခဲ့ကြပါတယ်။

ရှမ်းမျိုးနွယ်စုတွေစုပေါင်းပြီး ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ ရှမ်းရွာသားတွေ လွှတ်ပေးရေး ဆန္ဒထုတ်ဖော်ဖို့ အစိုးရဆီ စာတင်ခဲ့ပေမယ့် သက်ဆိုင်ရာကခွင့်မပြုတာကြောင့် မြစ်ကြီးနားမြို့ ဝန်းသိုဘုန်းကြီးကျောင်းမှာ ရှမ်းတိုင်းရင်းသားတွေ စုပြီး လူထုတွေ့ဆုံပွဲ ပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပွဲကို သွားတက်ခဲ့တဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးကတော့ စစ်သားစုဆောင်းတာဟာ မြန်မာတပ်မတော်မှာလည်း ရှိနေတာကြောင့် ကေအိုင်အေ ကို ပြောနေတာချည်းပဲ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နည်းပညာအဖွဲ့က ပြောခွင့်ရသူ ဦးဒေါင်ခါးကတော့ ရှမ်းတွေရဲ့ တောင်းဆိုလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ဒါဟာ သူတို့အခွင့်အရေးဖြစ်တာကြောင့် သူ့အနေနဲ့ မှတ်ချက်ပေးစရာမရှိဘူးလို့ BBC ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ကေအိုင်အေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူ (၅၀)ကျော်ရှိပြီး အဲဒီထဲက (၂၆)ဦးပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် KIA စခန်းမှာ ကျန်နေသေးတဲ့ ရှမ်းတိုင်းရင်းသား ရွာသားတွေနဲ့ ပတ်သတ်ပြီး အတိအကျ သတင်းပေးပို့လို့ရှိရင် သူတို့အနေနဲ့ ပြန်လွှတ်ပေးတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။ လက်ရှိမှာ ကေအိုင်အေစခန်းမှာ ကျန်နေသေးတဲ့ ရှမ်းတိုင်းရင်းသားတွေ လွတ်မြောက်ရေးအတွက် ဒီထက်ပိုကြီးတဲ့ ဆန္ဒပြပွဲ တစ်ခု ထပ်လုပ်ဖို့ ရှမ်းတွေဘက်က စီစဉ်နေတယ်လို့ သိရပါတယ်။