မြန်မာပြည်က လေဆိပ်တွေ ပုဂ္ဂလိက ပေးဖို့စီစဉ်နေ

  • 21 ဒီဇင်ဘာ 2013
Image caption အမေရိကန်ထုတ် ဘိုးအင်း လေယာဉ်ပျံကြီး

မြန်မာနိုင်ငံမှာလေယာဉ်ကွင်းပေါင်း ၇၀ နီးပါးရှိပေမယ့် သုံးဆယ်ကျော်ကိုသာ အသုံးပြုနိုင်ပြီး လတ်တလော အခြေအနေမှာ အကျိုးအမြတ် သိပ်မရဘူး ဖြစ်နေတာကြောင့် လေယာဉ်ကွင်းအားလုံးကို အဆင့်မြှင့်ပြီး စီးပွားဖြစ်လည်ပတ်နိုင်ဖို့ ပုဂ္ဂလိကပိုင်းက ပါ၀င်လာအောင် အစိုးရကဖိတ်ခေါ်နေပါတယ်။

ဒါပေမယ့် လေဆိပ်တွေကို စီးပွားဖြစ်လည်ပတ်နိုင်တဲ့ ကုမ္ပဏီတွေ ပေါပေါများများ သိပ်မရှိသေးပါဘူး။

လေကြောင်းဦးစီးဌာနရဲ့ အပြောအရ မြန်မာနိုင်ငံမှာ လေယာဉ်ကွင်းပေါင်း ၆၉ ကွင်းရှိတဲ့အနက် ၃၃ ကွင်းသာ လည်ပတ်နိုင်သေးတဲ့အခြေအနေမှာ ရှိနေပြီးတော့ စီးပွားရေးအရ အကျိုးအမြတ်ရဖို့ထက် ခရီးသွား ၀န်ဆောင်မှုကိုဘဲ ဦးစားပေးနေရတဲ့ အနေအထား ပုံစံဘဲ ရှိနေပါတယ်။

ဒီလိုဖြစ်နေတာဟာ အစိုးရ ဘတ်ဂျက်အပေါ် မှီခိုနေရတာမို့ လေယဉ်ကွင်းတွေ အဆင့်မြင့်မှု နည်းတာဖြစ်ပြီး ဒီအတွက် ပိုပြီး အဆင့်မြှင့်ဖို့နဲ့ အကျိုးအမြတ်တွေပိုရဖို့ ပုဂ္ဂလိကလက်ကို လွှဲနိုင်ဖို့ စီစဉ်နေတယ်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန က ဒုတိယ ညွန်ကြားရေးမှူးချုပ်ဦး၀င်းဆွေထွန်း က ပြောပါတယ်။

အကျိုးအမြတ် ပိုသေချာတဲ့ လေယာဉ်ကွင်းတိုးချဲ့တည်ဆောက်ရေး အပိုင်းတွေမှာ ကုမ္ပဏီတွေ စုပြုံတိုးပေမယ့် လတ်တလော အကျိုးမရှိနိုင်သေးတဲ့ လေယာဉ်ကွင်းလည်ပတ်တဲ့ operation အပိုင်းမှာ အဲဒီလို များများစားစား မလာကြပါဘူးလို့ သိရပါတယ်။

တကယ် လက်တွေ့ လုပ်နေတဲ့ အေးရှားဝေါလ် ဆိုရင်လည်း နေပြည်တော် လေဆိပ်မှာ အရှုံးပေါ်နေလို့ အစိုးရကို ပြန်အပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဦး၀င်းဆွေထွန်းက ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တည်ဆောက် လည်ပတ် လွှဲပြောင်းပေးဆိုတဲ့ ဘီအိုတီ စနစ်နဲ့ လုပ်နိုင်ဖို့ပြောပေမယ့် နေပြည်တော်မှာ လေယာဉ်ဆင်းတဲ့ ပမာဏနည်းတဲ့အတွက် လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေအနေနဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အတွင်း မြန်မာပြည်ကို လေကြောင်းလိုင်း အတော်များများ ၀င်လာပေမယ့် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကိုဘဲ အဓိက ဆိုက်ပါတယ်။

ဒီတော့ ကျန်တဲ့ လေဆိပ်တွေ ဖွံ့ဖြိုးလာဖို့ဆိုတာ အတော်လေး လုပ်ယူရဦးမယ့် အနေအထားဖြစ်ပါတယ်။