အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပြီးဆုံး

  • 22 ဒီဇင်ဘာ 2013
Image caption အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၁၉ ရက်ကြာ လက်ခံ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းက နေပြည်တော်က ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။

အားကစားပွဲတော် ပိတ်ပွဲ အခမ်းအနားကို ညနေ ၅ နာရီမှာ ကလေးငယ်တွေရဲ့ ဂျွမ်းဘား အားကစား သရုပ်ပြကွက်တွေ၊ ခေတ်ပေါ် အဆိုအကတွေ၊ ရိုးရာ တေးသီချင်းတွေ၊ တိုင်းရင်းသား အကတွေနဲ့ စတင်ခဲ့ပြီး ညနေ ၆ နာရီမှာတော့ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

ပွဲတော် အထိမ်းအမှတ် တံဆိပ်နဲ့ စာတန်းတွေကို လူအင်အား ထောင်ချီပြီး မီးရောင်စုံနဲ့ ပုံဖေါ် သရုပ်ပြသခဲ့ကာ မီးရှူးမီးပန်း ရောင်စုံတွေ ပစ်ဖေါက်ခဲ့တယ်လို့လဲ သိရပါတယ်။

မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းကို လူအင်အား ရာနဲ့ချီပြီး သရုပ်ပြ ခတ်ကစားခဲ့သလို ကျောက်ဆည် ဆင်အက၊ တိုင်းရင်းသား ရိုးရာ အကတွေကိုလဲ ပိတ်ပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံစုံ ပရိသတ် ရှေ့မှောက်မှာ ခမ်းခမ်းနားနား လှလှပပ တင်ဆက် ကပြ ခဲ့ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာက မြန်မာ ရွေ ၈၆ ငွေ ၆၂ ကြေး ၈၅ နဲ့ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှု ဒုတိယ နေရာ ရခဲ့ပြီး ထိုင်းက ရွှေ ၁၀၇ ငွေ ၉၄ ကြေး ၈၁ နဲ့ ပထမနေရာကို ယူသွားခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအသင်းဟာ မျှော်မှန်းချက်နဲ့ ကိုက်ညီအောင် တခါမှ ဒီလောက်ပမာဏမရဘူးတဲ့ ရွှေတံဆိပ်တွေ ယူပေးနိုင်လို့ နိုင်ငံဂုဏ်ဆောင်တဲ့ပွဲ ဖြစ်တာအပြင် စီစဉ်မှုတွေ အားလုံးကို တက်ရောက်လာတဲ့ နိုင်ငံတွေက တခဲနက် ကျေနပ် ထောက်ခံသွားတယ်လို့ ဆီးဂိမ်းပြိုင်ပွဲ အဖွဲ့ချုပ် အလုပ်မှုဆာင်ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

နောက်လာမယ့် ၂၀၁၅ အရှေတောင်အာရှ အားကစား ပွဲတော်ကို စင်္ကာပူ နိုင်ငံမှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ပွဲတော် အလံကို မြန်မာအားကစား ဝန်ကြီးက စင်္ကာပူ နိုင်ငံကို လွဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နောက် ၃ ပတ်အကြာ လာမယ့် ၂၀၁၄ ဇန်နဝါရီ ၁၄ ရက်မှာ အရှေ့တောင်အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး နေပြည်တော်မှာ ထပ်မံ ကျင်းပသွားဦးမယ်လို့ သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ