ကချင်ဒုက္ခသည် စခန်းတွေဆီ အကူညီ လိုသလောက် မရောက်

  • 23 ဒီဇင်ဘာ 2013
refugees_kachin
Image caption ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေမှာ အကူအညီတွေ လိုအပ်နေ

မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာ အင်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ သတင်းပတ် ကုန်ပိုင်းမှာ ကချင်ပြည်နယ် ဘက်ကို ရောက် ရှိခဲ့ပြီး စစ်ပြေး ဒုက္ခသည် တွေရဲ့ အခြေအနေတွေကို သွားရောက် လေ့လာ နိုင်ခဲ့ပါတယ်။

အဲဒီ ဒုက္ခသည် စခန်းတွေ က အခြေအနေ တွေနဲ့ ပတ်သက်ပြီး သူ့ကို ဆက်သွယ် မေးကြည့်တော့ အဲဒီက ဒုက္ခသည် တွေရဲ့ အခြေအနေက စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။ တအိမ်ကို မိသားစု ၈ ခုကနေ ၁၀ ခုလောက် နေကြရပြီး အလုပ်အကိုင်လည်း မည်မည်ရရ မရှိကြဘူးလို့ ပြောပါတယ်။

မြစ်ကြီးနား မြို့အနားက ဒုက္ခသည် စခန်း တွေမှာ အခြေအနေဟာ သိပ် မဆိုးပေမယ့် တရုတ်နဲ့ နယ်စပ်အနားက အစိုးရ ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ မရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တော်တော် ဆိုးတယ်လို့ သူသိရတဲ့ အကြောင်းလည်း ပြောပါတယ်။

အဲဒီ ဒုက္ခသည် စခန်းတွေဆီမှာ လိုအပ်နေတဲ့ အကူအညီ ပြည့်ပြည့်ဝဝ ရနိုင်ဖို့အတွက် ဆောင်ရွက် ပေးနိုင်ဖို့ အဲဒီ နေရာတွေကို နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက် နိုင်ဖို့ အတွက်လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

အဲဒီလို သွားရောက် နိုင်ဖို့ အတွက် ကေအိုင်အို ဘက်က ခွင့်ပြုချက် ရပေမယ့် အစိုးရဘက်က တိုက်ပွဲတွေ ရှိနေလို့ လုံခြုံရေး အတွက် ခွင့်ပြုချက် မပေးတာမျိုးတွေ ရှိနေတယ်လို့ ပြောပါတယ်။အဲဒါကြောင့် သူရောက်ရှိ နေစဉ်မှာ မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ ပြည်နယ် ဝန်ကြီးချုပ် တို့ကို ကယ်ဆယ်ရေး အဖွဲ့တွေအမြန်ဆုံး သွားနိုင်ဖို့ ခွင့်ပြုပေးဖို့ တိုက်တွန်း ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဗြိတိန် ဘက်က ဒီ ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေ အတွက် ၂ နှစ်ခွဲ လောက်အတွင်းမှာ လူသားချင်း စာနာတဲ့ အကူအညီ ဒေါ်လာ သန်း ၂၀ လောက်ကို ပေးနေတယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ ကတဆင့် ဒေသဆိုင်ရာ အန်ဂျီအို အဖွဲ့ တွေ ကို ပံ့ပိုး ပေးနေကြောင်း နဲ့ ဒီအကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ရေး အတွက် အဓိက ကျတာ ကတော့ အဲဒီ ဒုက္ခသည် စခန်းတွေကို သွားရောက် နိုင်ဖို့ လိုအပ် တဲ့အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ