မြစ်ဝကျွန်းပေါ်မှာ ဒီရေတောတွေ ကွယ်ပျောက်လာ

  • 24 ဒီဇင်ဘာ 2013
Image caption နာဂစ်ဒဏ် ကာကွယ်ပေးခဲ့တဲ့ လမုတောတွေ အကာအကွယ်မဲ့ ပျက်သုဉ်းနေ

ဧရာ၀တီ မြစ်၀ကျွန်းပေါ် ဒေသမှာ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေး ဒီရေတော ထိန်းသိမ်းမှုတွေမှာ နိုင်ငံခြား အကူအညီတွေ ရနေပေမယ့် ဒီရေတောတွေဟာ ကြီးကြီးမားမား ကွယ်ပျောက်လာတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

မြစ်၀ကျွန်းပေါ်ဒေသ ဒီရေတော ထိန်းသိမ်းမှုမှာ ဂျပန် JICA နဲ့ သဘာ၀ ပတ်၀န်းကျင်အဖွဲ့တွေက ကူညီထောက်ပံ့မှု လုပ်ဆောင် နေပါတယ်။

ဒါပေမယ့် ဘိုကလေးမှာ ရှိတဲ့ မိန်းမလှကြိုးဝိုင်းနဲ့ နောက်ထပ် ကြိုးဝိုင်း(၂)ခုလုံးဟာ လုံး၀ ပြုန်းတီးတော့မယ့် အနေအထားမှာ ရှိနေတယ်လို့ သဘာ၀ ပတ်၀န်းကျင် ပညာရှင် ဦး၀င်းမျိုးသူက ပြောပါတယ်။

ဒီရေတော ထိန်းသိမ်းမှုဟာ ပျက်စီး ဆုံးရှုံးမှု နဲ့ စာရင် ထောက်ပံ့ရေး ရနေတဲ့ ပမာဏက နည်းလွန်းနေတာကြောင့် သက်ဆိုင်ရာ အစိုးရက ငွေကြေး၊ နည်းပညာနဲ့ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့ ဦး၀င်းမျိုးသူက ဆိုပါတယ်။

လက်ရှိမှာ ဂျပန်JICA ဟာ (၂၀၁၃)ခုနှစ် နို၀င်ဘာလကနေ (၂၀၁၇)ခုနှစ် အထိ (၄)နှစ်တာကာလအတွင်း မြစ်၀ကျွန်းပေါ်ဒေသ ဒီရေတောထိန်းသိမ်းမှုအတွက် ယန်းငွေ (၅၈၃)သန်း ကူညီထောက်ပံ့မှု ပေးထားပါတယ်။

ဒီစီမံကိန်းမှာ ဒီရေတော စိုက်ခင်းဧက (၃)ထောင်ကျော် စိုက်ပျိုးမယ့် စီမံကိန်းရေးဆွဲမှု၊ ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်းမှာ မုန်တိုင်းဒဏ်ခံမယ့် အဆောက်အဦ နေရာ ရွေးချယ်သတ်မှတ်မှုတွေ ပါ၀င်မှာ ဖြစ်ပါတယ်။

ဒါကို အစိုးရ သစ်တောရေးရာ ၀န်ကြီးဌာနက တိုက်ရိုက်တာ၀န်ယူ လုပ်ဆောင်နေတာ ဖြစ်ပြီး စောစောက ဦး၀င်းမျိုးသူ ပြောသလို အန်ဂျီအိုတွေကို အစိုးရက ရံပုံငွေ ထောက်ပံ့တာမျိုးတော့ မရှိသေးပါဘူး။ အန်ဂျီအိုတွေ ဖက်ကတော့အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။

ဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ပတ်၀န်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောဌာနက ဦးစီးအရာရှိ ဒေါက်တာတိုးတိုးအောင် ကတော့ ဧရာ၀တီမြစ်၀ကျွန်းပေါ် ဒေသမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ကာလတွေမှာ သစ်တောနဲ့ ဒီရေတော ပြုန်းတီးမှုတွေ ပိုမို ဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ မြစ်၀ကျွန်းပေါ်ဒေသ ထိန်းသိမ်းရေးနဲ့ သဘာ၀ ဘေးအန္တာရာယ် ကြိုတင်ကာကွယ်ရေးကို NGOနဲ့ သဘာ၀ပတ်၀န်းကျင် အဖွဲ့ တချို့လောက်ကပဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ