ကချင်စစ်ပြေး ဒုက္ခသည်တွေ ဆောင်းရာသီ ဒဏ်ခံနေရ

  • 23 ဒီဇင်ဘာ 2013
kachin_refugee
Image caption ဆောင်းကြောင့် အခက်ကြုံနေရတဲ့ စစ်ပြေး ဒုက္ခသည်များ

မြန်မာ ပြည် မြောက်ဖျားက ကချင်ပြည်နယ် အတွင်းမှာ အခု ဆောင်းရာသီကို ရောက်လာ နေပြီဖြစ်လို့ အအေးပိုလာ ပြီဖြစ်ပါတယ်။

ဒီ ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေကနေ ဘေးလွတ်ဖို့ ထွက်ပြေး လာခဲ့ကြတဲ့ စစ်ပြေး ဒုက္ခသည် တွေ ခိုလှုံ နေကြတဲ့ ဒုက္ခသည် စခန်းတွေမှာ အခု ဆောင်းဥတုက ခါတိုင်း နှစ်တွေထက် နှစ်ဆလောက် ပိုအေးနေတယ်လို့ အဲဒီမှာ အကူအညီတွေ ပေးနေတဲ့ ဝမ်ပေါင် နိမ်ဒွဲ လူမှုရေး အသင်းက တာဝန်ခံ ဒေါ်မေရီတောန်း က ပြောပါတယ်။

အဲဒါကြောင့် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒုက္ခသည် စခန်းတွေက အဆောက်အအုံ တွေက သုံးထပ်သားနဲ့ ယာယီ သဘောမျိုး ဆောက်လုပ် ထားခဲ့ကြတာ ဖြစ်ပြီး အခု မိုးတွင်း ကာလ ၃ ခါလောက် ဖြတ်ပြီးခဲ့ပြီ ဖြစ်လို့ ဆွေးမြေ့မှုတွေ ရှိလာ နေပြီ ဖြစ်ပြီး လေပြင်းနဲ့ မိုးသီးကြွေတဲ့ ဒဏ်တွေနဲ့ လည်း ကြုံနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လအတွင်းကလည်း နမ့်လင်းပါ ဘက်က စစ်ပြေး ဒုက္ခသည်တွေ နှစ်ထောင်လောက် ရောက်လာ ခဲ့ကြလို့ သူတို့ အတွက် နေထိုင် စရာ အခက်အခဲတွေ ဖြစ်နေကြောင်းနဲ့ တချို့ဆို ရွက်ဖျင်တဲ ထိုးပြီး မြေကြီးပေါ်မှာ အိပ်ပြီး နေကြ ရတယ်လို့ ပြောပါတယ်။

အဲဒီလို အအေးဒဏ်ကြောင့် ၂၄ နာရီလောက် မီးလှုံပြီး နေကြ ရကာ အဲဒါကြောင့် အခုဆို ထင်းအခက်အခဲတွေနဲ့ ကြုံလာရတယ်လို့ ဒေါ်မေရီတောန်း က ဆိုပါတယ်။ ထင်း ရှားပါး လာတဲ့ အတွက်လည်း ချက်ပြုတ် ဖို့တွေ မှာပါ အခက်အခဲတွေ ကြုံနေ ရတယ်လို့ ပြောပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ပိုင်းမှာလည်း အားနည်းပြီး အခုအချိန်မှာ ဒုက္ခသည် စခန်းတွေမှာ ဖျားနာသူတွေလည်း ရှိနေတယ်လို့ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ