AIDS က စိုးရိမ်စရာမဟုတ် သတိထားရမယ့် အခြေအနေတော့ဖြစ်

  • 26 ဒီဇင်ဘာ 2013
Image caption အိတ်ချ်အိုင်ဗီ ရောဂါ တိုက်ဖျက်ရေးမှာ အရေးပါတဲ့ ART ဆေးဝါး

မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်စေတဲ့ အိချ်အိုင်ဗွီပိုးကူးစက်ခံထားရသူ ပြီးခဲ့တဲ့နှစ်တုန်းက ၂ သိန်းလောက်ရှိပြီး အဲ့ဒီအထဲမှာ ရောဂါပိုးကို ထိန်းထားနိုင်တဲ့ အေအာတီ ဆေးကြွေးဖို့လိုအပ်နေသူ ၁ သိန်း ၂ သောင်းရှိတယ်လို့ ကျန်းမာရေး ပြုစုစောင့်ရှောက် အကူအညီပေးသူတွေက ပြောပါတယ်။

လက်ရှိမှာ လူနာရှင် ဦးရေ ၆ သောင်းကျော်ကိုပဲ အေအာတီ ဆေးပေးနိုင်သေးတဲ့တွက် နောက်ထပ် ၅ သောင်းကျော်ကို အေအာတီ ဆေးပေးဖို့လိုနေပါတယ်။

လာမယ့်နှစ် ၂ဝ၁၄ ခုနှစ်အတွင်းမှာ ဆေးပေးရမယ့်သူ ၅ သောင်းကျော်လုံးကို ဆေးပေးနိုင်မှာမဟုတ်သေးလို့ ဆိုပါတယ်။

အရင်တုန်းက မြန်မာ နိုင်ငံဟာ ပိတ်ဆို့ အရေးယူ ခံထားရတာကြောင့် အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ စီမံကိန်း လုပ်ဆောင်မှုနဲ့ ရံပုံငွေတွေကို အန်ဂျီအို တွေ လက်ထဲ ကနေ ဖြန့်ဝေ လုပ်ကိုင် ပေးနေရတာ ဖြစ်တယ် ၊ အခုနောက်ပိုင်းတော့ အစိုးရကသာ အားလုံးကို တိုက်ရိုက် ချုပ်ကိုင် လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့ Marie Stopes international မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင် က ပြောပါတယ်။

အခုအချိန်မှာတော့ နိုင်ငံတကာ အန်ဂျီအိုတွေ ဖြစ်တဲ့ ဂလိုဘယ်ဖန်း ၊ နယ်စည်းမခြား ဆေးကုသရေး အဖွဲ့ နဲ့ တခြား အိုင်အန်ဂျီအိုတွေက အိတ်ချ်အိုင်ဗီ တိုက်ဖျက်ရေးကို လုပ်ဆောင်ပေးနေတယ်လို့ သူက ရှင်းပြပါတယ်။

၂၀၁၅မှာ အစိုးရ ကဘဲ ၈၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်သွားတော့မှာလို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဝေဒနာရှင် အရေအတွက် လျော့ကျလာပြီး လူနာ အသစ် ရောဂါ ရှိနေတဲ့ သူတွေရဲ့ နှုန်းလည်း ကျလာတယ်လို့ သူက ပြောပါတယ်။

အဓိကကတော့ သွေးလှူရှင်တွေ ၊ လိင်တူ ဆက်ဆံသူတွေ ၊ တီဗီ ဝေဒနာရှင်တွေ ၊ ပြည့်တန်ဆာတွေနဲ့ ကိုယ်၀န်ဆောင်တွေဘဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် အခုအနေအထားမှာ စိုးရိမ်စရာ မဟုတ်ပေမယ့် သတိတော့ ထားရမယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ