အပစ်ရပ် ညှိနှိုင်းရေး အဖွဲ့တွေ တွေ့ကြမယ်

  • 27 ဒီဇင်ဘာ 2013
Image caption လိုင်ဇာမြို့ တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးပွဲ

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ အဖွဲ့ တွေနဲ့ တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ ကိုယ်စားလှယ်တွေ ဒီဇင်ဘာ ၂၉ မှာ ချင်းမိုင်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အရင် တွေ့ဆုံပွဲ တွေလိုပဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် လိုအပ်ချက် တွေကို အဓိက ညှိနှိုင်း ကြမှာ ဖြစ်ပေမယ့် အခု တကြိမ် မှာတော့ ပြည်တွင်းစစ် ဒဏ်က တိမ်းရှောင် နေရတဲ့ စစ်ပြေး ဒုက္ခသည် တွေ ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေကို လေ့လာ ဆွေးနွေး သွားမယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲ မတိုင်ခင် ဒီဇင်ဘာ ၂၈ ရက်မှာ ကိုယ်စားလှယ်တွေ ထိုင်းမြန်မာ နယ်စပ်မှာ ရှိနေကြတဲ့ ကျေးရွာ တချို့ကို ပြန်လည် ထူထောင်ရေး အတွက် သွားရောက် လေ့လာဖို့ ရှိပါတယ်။

ဒီလို လေ့လာနိုင်ဖို့ အတွက် ထိုင်း အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက် ရယူ ထားတယ်လို့လဲ သိရပါတယ်။

ဒီဆွေးနွေးပွဲ အပြီး ဒီဇင်ဘာ ၃ဝ ရက်မှာ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနဲ့ တိုင်းရင်းသား တွေကြား ရှေ့နှစ်မှာ သန်းခေါင် စာရင်း ကောက်ယူရေး ကိစ္စနဲ့ ပတ်သက်တဲ့ တွေ့ဆုံပွဲ တခု သီးခြား ပြုလုပ်မှာ ဖြစ်ပါတယ်။

၂ဝ၁၄ မှာ သန်းခေါင်စာရင်း ကောက်ယူရေး အတွက် တိုင်းရင်းသား တွေ ဘက်က စိုးရိမ်မှု တွေ ရှိနေပြီး ဝန်ကြီး ဦးခင်ရီက အစိုးရကိုယ်စား တိုင်းရင်းသား တွေကို ရှင်းလင်း ပြောပြချင်တာတွေ ရှိနေတဲ့အတွက် ဒီလို တွေ့ဆုံတာလို့ သိရပါတယ်။

အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ မတိုင်ခင်က တိုင်းရင်းသား လက်နက်ကိုင် တွေဟာ ကရင် ပြည်နယ်မှာ သီးခြား တွေ့ဆုံ ခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၆ - ၂၇ ရက်တွေမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲ တွေမှာ အစိုးရရဲ့ ငြိမ်းချမ်းရေး သဘော တူညီချက် မူကြမ်းထဲက တချို့ အချက် တွေကို ပယ်ဖျက်ဖို့ သဘောတူ ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ