ရန်ကုန် စတော့ အိတ်ချိန်း လာတော့မလား

  • 27 ဒီဇင်ဘာ 2013
Image caption ဖိလစ်ပိုင် စတော့ စျေးကွက် ရှယ်ယာစျေးနှုန်း

ရန်ကုန် စတော့ အိတ်ချိန်းလို့ အမည် ပေးထားတဲ့ မြန်မာ နိုင်ငံရဲ့ ပထမဆုံး စတော့ ရှယ်ယာ စျေးကွက် အကောင် အထည် ဖော်ရေး အတွက် ပဏာမ ပြင်ဆင်မှုတွေ ဆောင်ရွက် နေတာ တော်တော် ခရီးပေါက် လာပြီမို့ တရားဝင် ကြိုတင် ပြင်ဆင်မှု အပိုင်းကို လာမယ့် ၂၀၁၄ ဘဏ္ဍာရေး နှစ်ဆန်းမှာ စတင် တော့မယ်လို့ ဆိုပါတယ်။

စတော့ အိတ်ချိန်း စျေးကွက်ကို ဂျပန် ကုမ္ပဏီ Daiwa Securities Group နဲ့ အခွန်နဲ့ ဘဏ္ဍာ ဝန်ကြီးဌာနတို့က ကျပ် ၁၆ ဘီလျံစီ ရင်းနှီး မြှုပ်နှံဖို့ ဆောင်ရွက် နေပေမယ့် အပြီးသတ် လက်မှတ် မရေးထိုး ရသေးဘူး လို့ ဘဏ္ဍာ၊ အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်သိန်း က ဆိုပါတယ်။

အများပိုင် ကုမ္ပဏီ ၁၀၀ လောက် ထူထောင် ပြီးသား ရှိပေမဲ့ စာရင်း ထားသို မှုတွေဟာ နိုင်ငံတကာ စာရင်းကိုင် စနစ်နဲ့ အညီ စာရင်း ထိန်းသိမ်း ထားရှိဖို့ လေ့ကျင့် သင်တန်း ပေးရ ဦးမယ် လို့ ဆိုပါတယ်။

အများပိုင် ကုမ္ပဏီ တွေရဲ့ ရှယ်ယာတွေ ၊ စတော့ တွေကို လူအများက ဝယ်ယူပြီး ရင်းနှီး မြှုပ်နှံဖို့ အတွက် ကုမ္ပဏီတွေရဲ့ သတင်း အချက် အလက်မှန်တွေ ၊ စာရင်း ဇယား အမှန် တွေကို အများ ပြည်သူက သိရှိ နိုင်ဖို့ လိုအပ် ပါတယ်။

စာရင်း ဇယား ၊ အရှုံးအမြတ် စာရင်းတွေကို အမှန် အကန်တွေ ဖြစ်ကြောင်း အများ ပြည်သူက မယုံကြည်ရင် ရှယ်ယာတွေကို ဝယ်ယူကြမှာ မဟုတ်ပါဘူး။

ဒါ့အပြင် အရင်ခေတ်တွေမှာ ကုမ္ပဏီတချို့က အများ ပြည်သူ ထည့်ဝင် ရင်းနှီး ထားတဲ့ ငွေတွေကို ယူပြီး အလွဲသုံးစားလုပ် ထွက်ပြေး တိမ်းရှောင်မှုတွေ ရှိခဲ့ ဖူးတဲ့ အတွက် အများပြည်သူရဲ့ ယုံကြည်မှုကိုလည်း ပြန်လည် ပျိုးထောင် ရဦးမှာ ဖြစ်ပါတယ်။

တရားဥပဒေပိုင်း ဆိုင်ရာ အရ လိုအပ်တဲ့ နည်းဥပဒေတွေကိုလည်း ဆက်လက် ပြဌာန်း ရဦးမှာ ဖြစ်ပါတယ်။