ဖွဲ့စည်းပုံမပြင်လည်း NLD ရွေးကောက်ပွဲ ဝင်မယ်

  • 28 ဒီဇင်ဘာ 2013
constitution_burma
Image caption ပြင်ဆင်စရာတွေရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်သည် ဖြစ်စေ၊ မပြင်သည် ဖြစ်စေ၂၀၁၅ ရွေးကောက် ပွဲကို ဝင်မှာ ဖြစ်တယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ ဗဟိုကော်မတီ အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောကြားသွားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဗဟို ကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးကို စနေနေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ မှာ ကျင်းပခဲ့ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ် လေ့လာ သုံးသပ်တဲ့ အကြံပြု စာတမ်းကို အတည်ပြု နိုင်ခဲ့ကြပါတယ်။

အခြေခံ ဥပဒေ ပြန်လည် သုံးသပ်ရေး အစီရင် ခံစာမှာ အခြေခံ ဥပဒေပါ အချက် ၁၆၈ ချက်ကို ပြင်ဖို့ အကြံပြု ထားပြီး၊ ဒီကနေ့ ဗဟိုကော်မတီ အစည်းအဝေး ကနေ ဒီ အစီရင်ခံစာကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ပုသိမ်မြို့နယ် မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတာတွေ၊ တိုင်းရင်းသား အခွင့်အရေး အာမခံချက် မရှိတာတွေ၊ စစ်မှန်တဲ့ ပြည်ထောင်စုမူနဲ့ မကိုက်ညီတာတွေ နဲ့ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေတာ တွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့ အကြံပြုထား တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်လာနိုင်အောင် ကန့်သတ် ထားတဲ့ အချက်တွေကို လည်း ပြင်ဆင်ဖို့ အကြံပြု ထားတယ်လို့ ဆိုပါတယ်။ အရင် က ရေးဆွဲ ပြဌာန်း ခဲ့တဲ့ အခြေခံ ဥပဒေ တွေထဲမှာ မပါဝင်ဘဲ အခု ၂၀၀၈ အခြေခံ ဥပဒေ ကျမှ ဒီလို လူတဦးတယောက်ကို ပိတ်ပင် ကန့်သတ် ထားတာဖြစ်လို့ ဒါတွေကို ပြင်ဆင် သင့်တယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံ ဆိုတာ နိုင်ငံသူ နိုင်ငံသား တွေအကျိုးရှိအောင် ရေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ပြည်ထောင်စု မူနဲ့ မကိုက်ညီတာတွေ၊ ကိုယ်ပိုင် ပြဌာန်း အုပ်ချုပ်ခွင့် မရတာတွေ အကုန်ပြင်ဆင်ဖို့ လိုမယ်လို့လည်း ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခုအကြံပြုမယ့် အချက် တွေကို အကုန်ပြင်စေချင်ကြောင်း၊ ပြည်သူ့ ကိုယ်စားလှယ် တွေဆိုတာကလည်း ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ထုတ် ပေးမယ့် သူတွေ ဖြစ်ကြလို့ ပြင်ဆင် ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း လည်း ပြောပါတယ်။

ဒီဖွဲ့စည်းပုံကို ပြင်ဆင်သည် ဖြစ်စေ မပြင်ဆင်သည်ဖြစ်စေ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ပြောတာကတော့ မီဒီယာတွေက မေးလာလို့ ပြောရေး ဆိုခွင့်ရှိသူက ပြောတာသာ ဖြစ်ပြီး ဗဟိုအလုပ် ကော်မတီကနေ ဆုံးဖြတ်ထား တာမျိုး မဟုတ်သေးတဲ့ အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ