မလေးရှားမှာ ရန်ပြုခံခဲ့ရတဲ့ မြန်မာအလုပ်သမားတွေ ပြန်ဖို့ညှိ

  • 31 ဒီဇင်ဘာ 2013
Image caption မလေးရှားရောက် မြန်မာရွေ့ပြောင်းလုပ်သား

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ ဘရူးနိုင်းနိုင်ငံနဲ့ နယ်စပ်အနီးက မီရီမြို့ သင်္ဘောကျင်းတခုမှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေနဲ့ ခိုက်ရန်ပြုတာကို ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၉၈ ဦးအနက် မြန်မာနိုင်ငံကို ပြန်ဖို့ ဆန္ဒရှိတဲ့ အလုပ်သမား ၉၀ ကို မြန်မာနိုင်ငံကို ပြန်ပို့နိုင်ရေး သက်ဆိုင်ရာ ကုမ္ပဏီနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတဦးက ပြောပါတယ်။

ကျန် ၈ ဦးက မပြန်ချင်တဲ့အတွက် ကုမ္ပဏီနဲ့ ညှိပြီး သူတို့ကို အလုပ်ပြောင်းပေးခဲ့တယ်လို့ လောလောဆယ် မြန်မာ အလုပ်သမားတွေ လုံခြုံရေးအရ ပြောင်းရွေ့နေထိုင်နေတဲ့ အဆောက် အဦကို သွားရောက်တွေ့ဆုံ ညှိနှိုင်းပေးနေတဲ့ မြန်မာသံအရာရှိ ဦးလင်းမောင်မောင်က ပြောပါတယ်။

လောလောဆယ်မှာ ကုမ္ပဏီက အလုပ်သမားတွေကို ပြန်ခွင့်ပြုပေမယ့် အလုပ်လုပ်ဖို့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းမပြည့်သေးတာကြောင့် အဲဒီကိစ္စကို ကုမ္ပဏီနဲ့ ဆက်ညှိနေရတယ်လို့ ဆိုပါတယ်။

ဒီလို စာချုပ်သက်တမ်းမပြည့်တာကြောင့် ပြန်တဲ့ အလုပ်သမားတွေအနေနဲ့ ကုမ္ပဏီက စိုက်ပေးထားတဲ့ အခွန်တွေကို ပြန်လျော်ရမယ့် အနေအထားရှိနေတယ်လို့ ပြောပါတယ်။

ကုမ္ပဏီနဲ့ ညှိနှိုင်းနေဆဲ ဖြစ်တာနဲ့ လေယာဉ်လက်မှတ်အခက်အခဲ တွေကြောင့် အလုပ်သမားတွေ ဘယ်တော့ မြန်မာနိုင်ငံကို ပြန်နိုင်ကြမယ်ဆိုတာ အသေအချာ မပြောနိုင်သေးဘူးလို့ မြန်မာ သံအရာရှိက ပြောပါတယ်။

စျေးဝယ်သွားတဲ့ မြန်မာအလုပ်သမား ၂ ယောက်နဲ့ အင်ဒိုနီးရှားအလုပ်သမားတချို့ ခိုက်ရန် ဖြစ်ခဲ့ကြပြီးတဲ့နောက် အင်ဒိုနီးရှား အလုပ်သမားတွေ အုပ်စုဖွဲ့ပြီးပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာအလုပ်သမားတွေ နေရာ အဆောင်ကို လာရောက်ဖျက်ဆီး ကြတာကြောင့် အဲဒီ သင်္ဘောကျင်းက မြန်မာအလုပ်သမား ၉၀ ကျော်ဟာ တခြားနေရာ ကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ