ဖွဲ့စည်းပုံပြင်ဖို့ အကြံပြုချက် ၃ သိန်းကျော်ရ

  • 1 ဇန်နဝါရီ 2014
constitution
Image caption ဇန်နဝါရီ လကုန်မှာ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မီတီ က လွှတ်တော်ကို တင်ပြ ရမှာဖြစ်

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မီတီက ဖွဲ့စည်းပုံ ထဲက ပြင်ဆင်လိုတာကို အကြံပြုဖို့ ဖိတ်ခေါ်ခဲ့ရာမှာ ဒီဇင်ဘာ ၃၁ ရက်က နောက်ဆုံးရက်မို့ အခုအကြံပြုချက် စုစုပေါင်း ၃သိန်း ၂သောင်း ၃ ထောင်ကျော် ရှိကြောင်း ၂၀၁၄ ဇန်နဝါရီ ၁ရက် မှာ အဲဒီကော်မီတီက ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ လကုန်ကျရင် သူတို့အဲဒီ ပူးပေါင်း ကော်မီတီ ရဲ့ လုပ်ငန်းအစီရင်ခံစာ လွှတ်တော်ကို တင်ပြရမှာ ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မီတီကော်မီဝင် တယောက်လည်းဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က လွှတ်တော် ကိုယ်စားလှယ် တယောက် လည်း ဖြစ်တဲ့ ဦးဝင်းမြင့် က ဇန်နဝါရီ ၇ ရက်နေ့မှာ ပူးပေါင်းကော်မီတီ အစည်းအဝေးရှိမှာမို့ အဲဒီအစည်းအဝေးကျရင် ဒီတင်ပြချက်တွေ ကို လေ့လာဖို့ လုပ်ငန်းတာဝန် ခွဲကြဖို့ လုပ်မယ် လို့ သူထင်မြင်ကြောင်း ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဖို့တင်ပြလာတဲ့ အထဲမှာ အဓိက အကြံပြုချက်အများဆုံး ကတော့ အခန်း ၁ နိုင်ငံတော်အခြေခံမူ၊ အခန်း ၅ အုပ်ချုပ်ရေး နဲ့ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ခြင်း အခန်းတွေ ကို ပြင်ဖို့ အကြံပြုချက်တွေ အများဆုံးပါ။

အခန်းတခု စီ အတွက် ရရှိတဲ့ အကြံပြုချက်ပေါင်း က ၁ သိန်းကျော်စီ ရှိပါတယ်။

အခုအကြံပြုချက်တွေ ထဲက လွှတ်တော်ကို ဆက်တင်ပြရာမှာ ပူးပေါင်းကော်မီတီ အနေနဲ့ ဘာကိုတင်ပြမယ်၊ ဘာကို မတင်ပြဘူး ဆိုတာမျိုး ဆုံးဖြတ်ကျမှာလား ဆိုတဲ့ အမေးကို တော့ ဦးဝင်းမြင့်က တူတာအများစု ကိုပဲ တင်ပြမှ မဟုတ်ပဲ မတူတဲ့ ကွဲပြားစွာတင်ပြလာတဲ့ အချက်တွေ ကိုလည်း လွှတ်တော်ကို တင်ပြသင့်တယ် လို့ ဆိုပါတယ်။