ထောင်တွင်းသေဆုံး နိုင်ကျဉ်းတွေကိုဂုဏ်ပြု

  • 2 ဇန်နဝါရီ 2014
prisoners
Image caption ဓာတ်ပုံနဲ့ မှတ်တမ်းတွေကို ပြခန်းငယ်တခု ဖန်တီး

အစိုးရ စစ်ကြောရေးစခန်း နဲ့ အကျဉ်းထောင် တွေထဲမှာ အသက် ဆုံးပါး သွားရတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ဂုဏ်ပြုတဲ့ အခမ်းအနား တခုကို ဇန်နဝါရီလ ၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။

အသက်စွန့် သွားတဲ့ ရဲဘော်ရဲဘက်တွေကို အသိအမှတ် ပြုချင်တဲ့ အတွက် ဒီအခမ်းအနားကို ပြုလုပ်တာ ဖြစ်တယ်လို့ ပူးတွဲ စီစဉ်သူတွေ ဖြစ်ကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

ပထမဆုံး အကြိမ် လုပ်တဲ့ ဒီပွဲမှာ အသက်စွန့် နိုင်ငံရေး အကျဉ်းသား ၅၄ ယောက်ကို ဂုဏ်ပြုခဲ့ ပေမယ့် တကယ်တမ်း စုဆောင်း ရရှိတဲ့ စာရင်းတွေအရ ထိန်းသိမ်း ဖမ်းဆီး ခံနေရစဉ်မှာ အသက် ဆုံးပါး သွားတဲ့သူ ၁၆ဝ ကျော် ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့က ကိုကျော်ဆန်းက ပြောခဲ့ပါတယ်။

ဒီဂုဏ်ပြုပွဲမှာ ဂုဏ်ပြုခံ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုဝင် တွေကို တဦးကို ငွေကျပ် ဆယ်သိန်းနဲ့ ဂုဏ်ပြုလွှာ တခု ပေးအပ်ခဲ့ပါတယ်။

မဖြစ်မနေ ဂုဏ်ပြုရမယ့် အသက်စွန့် နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ကျန်နေသေးပေမယ့် လောလောဆယ် ဘဏ္ဍာရေး အခက်အခဲကြောင့် နောက်ထပ် လုပ်မယ့် ဂုဏ်ပြုပွဲတွေကျမှ ထည့်သွင်း ဂုဏ်ပြုခွင့် ပေးဖို့ စာရင်း ထဲက ကျန်နေ သေးတဲ့ ကျန်ရစ်သူ မိသားစုဝင် တွေကို မေတ္တာ ရပ်ခံ ထားတယ်လို့ ကိုကျော်ဆန်းက ထပ်ရှင်းပြပါတယ်။

ဂုဏ်ပြုခံ အသက်စွန့် နိုင်ငံရေး အကျဉ်းသား တွေထဲမှာ စာရေးဆရာ ဦးသော်က၊ ဆိပ်ကမ်း လုပ်သား ခေါင်းဆောင် ဦးမောင်ကိုနဲ့ ဦးအောင်မေသု စတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ NLD ပါတီက ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်တချို့နဲ့ တခြား နိုင်ငံရေး အကျဉ်းသား တွေ ပါဝင်ပါတယ်။

ဂုဏ်ပြုခံ ပုဂ္ဂိုလ် အားလုံးရဲ့ ဓာတ်ပုံနဲ့ မှတ်တမ်းတွေကို ပြခန်းငယ်တခု ဖန်တီး ပြုလုပ်ပြီး တက်ရောက် လာတဲ့ ပရိသတ်တွေကို ပြသခဲ့ပါတယ်။

တက်ရောက် လာတဲ့ ပရိသတ်ထဲမှာ သေဆုံး နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ အပြင် ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ခဲ့ကြတဲ့ NLD ပါတီက ဦးတင်ဦး၊ ဦးဝင်းတင်တို့ အပြင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် ကိုကိုကြီး နဲ့ တခြား နိုင်ငံရေး လှုပ်ရှားသူ တွေလဲ ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ