နိုင်ငံရေးအရ ဦးဆောင်ခွင့်ကို ကန့်သတ် တားမြစ်တာ မဖြစ်စေလို

  • 2 ဇန်နဝါရီ 2014
သမ္မတဦးသိန်းစိန် ဖိလစ်ပိုင် ခရီးစဉ်အတွင်း မိန့်ခွန်းပြောစဉ်
Image caption သမ္မတဦးသိန်းစိန် ဖိလစ်ပိုင် ခရီးစဉ်အတွင်း မိန့်ခွန်းပြောစဉ်

မြန်မာနိုင်ငံသား တိုင်းရင်းသားတဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့် ကန့်သတ်တာမျိုး မဖြစ်စေလိုဘူးလို့ သမ္မတ ဦးသိန်းစိန်က ရေဒီယို နှစ်သစ် မိန့်ခွန်းမှာ ပြောသွားပါတယ်။

တဖက်ကလည်း အမျိုးသား အကျိုးစီးပွားနဲ့ နိုင်ငံရဲ့ အချုပ်အချာ အာဏာ တည်တံ့ ခိုင်မြဲရေးကို အကာအကွယ်ပေးမယ့် အခြေခံမှု ရှိသင့်တယ်လို့ဆိုပါတယ်။

လွှတ်တော်အသစ် ပြန်စတဲ့အခါ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုချက်တွေကို ပူးပေါင်း ကော်မီတီကဆွေးနွေး အကြံပြုကြမှာ ဖြစ်ပါတယ်။

အခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ပတ်သက်လို့ ဝိရောဓိကို ကိုင်တွယ်ရာမှာ နိုင်ငံရေး အကျပ်အတည်းတခုကို ဦးတည်မသွားဖို့ နိုင်ငံရေး ရွေးချယ်မှု မှန်ကန်ရေးဟာ အားလုံးမှာ တာဝန်ရှိတယ်လို့ သမ္မတက ထောက်ပြပါတယ်။

ဒီတော့ သမ္မတ အရည်အချင်း သတ်မှတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည် အတွက် အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၅၉ခနဲ့စကို ပြင်ဖို့ သမ္မတက လက်ခံမယ့် သဘောလားဆိုတာ မေးစရာရှိပါတယ်။

တရားလွှတ်တော် ရှေ့နေကြီး ဦးအုန်းလှိုင်က တိုင်းပြည်ကို ကျေးဇူး သစ္စာသိပြီး တိုင်းပြည်အကျိုး သည်ပိုးနိုင်မယ့် မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသားမဆို သမ္မတဖြစ်ခွင့် ရလာနိုင်တယ်လို့ သူယူဆကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် သားသမီးတွေ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျလို့ ခေါင်းဆောင် မဖြစ်နိုင်ဘူး ဆိုတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ထားတာ ဖြစ်ပြီးအရင် ၄၇နဲ့ ၇၄အခြေခံဥပဒေ တွေမှာမပါတဲ့အတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိဘို့ဆိုရင် ပြင်ဆင်သင့်တယ်လို့ ဦးအုန်းလှိုင်က ပြောပါတယ်။

ဒီလို ပြင်ဆင်ခြင်းအားဖြင့် အမျိုးသား အကျိုးစီးပွားနဲ့ အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ဦးအုန်းလှိုင်ကပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ ခေါင်းဆောင် အရည်အချင်းနဲ့ပတ်သက်တဲ့ ဝိရောဓိကနေ နိုင်ငံရေး အကျပ်အတည်း မဖြစ်စေလိုတဲ့ သဘောနဲ့ သမ္မတက မိန့်ခွန်းထဲမှာ သူ့ရဲ့သဘောထားကို ပြောတာလို့ သူယူဆကြောင်း ဦးအုန်းလှိုင်က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ