မြန်မာ လုပ်သားတွေနဲ့ ထိုင်း ပြဿနာဖြစ်

  • 3 ဇန်နဝါရီ 2014
migrant worker thai
Image caption ထိုင်းက မြန်မာ အလုပ်သမားများ

ထိုင်းမှာ တရားဝင် လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား တွေနဲ့ ထိုင်းဒေသခံတွေ ပြဿနာ ဖြစ်ရာမှာ ထိုင်းဘက်က သေနတ်နဲ့ ပစ်လို့ မြန်မာတယောက် ဒဏ်ရာရခဲ့ပါတယ်။

ထိုင်းနိုင်ငံ လက်ယောင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သား တယောက်က ထိုင်းဆိုင်မှာ နှစ်သစ်ကူးည အတွက် အရက်ဝယ်နေတုန်း ငွေပေးချေမှု အငြင်းပွားပြီး ပြဿနာ စခဲ့တာ ဖြစ်ပါတယ်။

ဈေးသည်ကို ငွေအရင် ပေးပြီး ဖြစ်ပေမယ့် ကျသင့်ငွေ နောက်တခါ ထပ်တောင်းတဲ့ အတွက် ငြင်းနေကြ တုန်းမှာ ပြဿနာ ပိုကြီးလာတာ လို့ အဲဒိ လုပ်ငန်းခွင် မှာပဲ အလုပ်လုပ် နေတဲ့ မြန်မာ လုပ်သား ကိုအောင်ဝင်း က ပြောပါတယ်။

ထိုင်းတယောက်က အငြင်းအခုံ ဖြစ်နေတဲ့ မြန်မာ အလုပ်သမားကို ဝင်ထိုး ရာကနေ အနားက မြန်မာတွေနဲ့ ထိုင်းတွေ အပြန်အလှန် ထိုးကြ ကြိတ်ကြပြီး ရန်ပွဲပိုကြီး သွားတာလို့ သိရပါတယ်။

အခင်းဖြစ်နေတုန်း ထိုင်းဆိုင်ထဲက လူတယောက်က သေနတ်နဲ့ ပစ်ခတ် ခဲ့ရာက မြန်မာ လုပ်သား တဦး ထိခိုက်ခဲ့တယ်လို့ ကိုအောင်ဝင်းက ဆက်ပြောပါတယ်။ ဒဏ်ရာရတဲ့ မြန်မာ လုပ်သားကို ဆေးခန်း ပို့ပေးပြီး အခုတော့ အလုပ်သမား တန်းလျားမှာပဲ ထားထား ရပါတယ်။

ဒီလုပ်သားတွေ အားလုံး တရားဝင် စာရွက် စာတမ်းတွေ ကိုင်ဆောင် ထားကြပေမယ့် အခု အချိန်မှာ လုံခြုံရေးကို စိုးရိမ်တဲ့ အတွက် အပြင်ကို မထွက်ရဲကြဘူး လို့ သိရပါတယ်။

အကူအညီ ပေးဖို့ သံရုံးကို ဖုန်းဆက်တဲ့ အခါ သံရုံးက အလုပ်သမားရေး အရာရှိကို လွှတ်ပေးမယ်လို့ အကြောင်း ပြန်ထားကြောင်းနဲ့ အကူအညီ ကို စောင့်နေတုန်းလို့ သူတို့က ပြောပါတယ်။

ခုနောက်ပိုင်း ထိုင်းနိုင်ငံကို လာရောက်တဲ့ မြန်မာ လုပ်သားတွေမှာ ဘာသာစကား အခက်အခဲ ရှိတဲ့အတွက် ပြဿနာ တခုခု ကြုံရတဲ့အခါ ဖြေရှင်းရတာ ခက်ခဲ ကြောင်း ထိုင်းလုပ်သား တွေကို ကူညီနေတဲ့ TACDB အဖွဲ့ က ဒုတိယ ညွန်ကြားရေးမှူး ဦးမြင့်ဝေ က ပြောပြ ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာ အလုပ်ဆင်းဖို့ ပြောထား ပေမယ့် အလုပ်သမား တွေကတော့ အကူအညီ ရောက်မလာ မချင်း အဆောင်မှာပဲ ဆက်ပုန်း နေကြရမှာ ဖြစ်တယ်လို့ မြန်မာ ဆောက်လုပ်ရေး လုပ်သား တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ