ကော်မရှင်ရုံးခွဲတွေမှာ စစ်တပ်အရာရှိတွေ ခန့်ထား

  • 4 ဇန်နဝါရီ 2014
Image caption ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲတွေမှာ တပ်မတော် အရာရှိတွေကို ခန့်အပ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ တွေမှာ တာ၀န်ထမ်းနိုင်ဖို့ စစ်ဘက်ဆိုင်ရာ အရာရှိ ၆၁ ဦးကို ခန့်အပ် လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၀န်ထမ်း အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးကနေ ဗိုလ်မှူး အဆင့် ၅၈ ယောက်ကို လက်ထောက် ညွန်ကြားရေးမှုး တာ၀န်ပေးပြီး ဗိုလ်ကြီး အဆင့် သုံးယောက်ကိုတော့ ဦးစီးအရာရှိ အဖြစ် ဒီဇင်ဘာလဆန်းက စပြီး ခန့်လိုက်တဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ် ၄၇/ ၂၀၁၃ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ရှင်းပြရာမှာတော့ ခန့်တာက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းတွေ အဖြစ်ခန့်လိုက်တာ ဖြစ်တယ် ၊ ခုလို လူအင်အား တိုးလာတဲ့ အတွက် လုပ်ရကိုင်ရ အဆင်ပြေသွားမယ်လို့ ယူဆရပေမယ့် ဒီလို တပ်အရာရှိတွေနဲ့ လူအင်အား တိုးပေးရမယ်လို့ သူ့အနေနဲ့ မဆိုလိုဘူးလို့ ပြောပါတယ်။

အခုလို စစ်တပ်က အရာရှိတွေကို ရွေးကောက်ပွဲကော်မရှင်မှာ ခန့်လိုက်တာနဲ့ ပတ်သက်ပြီး အင်အားအကြီးဆုံး အတိုက်ခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်၀င်း ကတော့ ကော်မရှင်မှာ ကိုယ်ပိုင် ဝန်ထမ်းနည်းလို့ အရင်က ငှားရမ်း ခန့်ထားရတာတွေ ရှိဖူးတာကြောင့် သူတို့က ကိုယ်ပိုင် ၀န်ထမ်းခန့်ဖို့ တိုက်တွန်းခဲ့ဖူးကြောင်း ၊ အခုတော့ ကော်မရှင်မှာ ကိုယ်ပိုင်ဝန်ထမ်း ရသွားတာ ဖြစ်တဲ့ အတွက် ဒါကို ကြိုဆိုကြောင်း ပြောပါတယ်။

တပ်မသားတွေကို ခန့်တာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိဘူး ၊ ဒါဟာ နိုင်ငံတော် သမ္မတနဲ့ ကာချုပ်တို့ သဘောထားပေါ်မှာ မူတည်တယ်လို့ ထင်ကြောင်း ၊ ဘာကြောင့်မို့ ကော်မရှင်က စစ်တပ် အရာရှိတွေကို ယူတာလဲ ၊ ကာကွယ်ရေး ဦးစီးဌာနက ဘာကြောင့် ပို့တာလဲ ဆိုတာတော့ မသိဘူးလို့ သူက ဆိုပါတယ်။

အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲရုံးတွေ အတွက် ခန့်လိုက်တဲ့ စစ်တပ်အရာရှိတွေဟာ အရပ်သား အဖြစ် ပြောင်းပြီး တာ၀န်ထမ်းမှာလား လက်ရှိစစ်တပ် တာ၀န်တွေနဲ့ ပူးတွဲယူမှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ