၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

  • 4 ဇန်နဝါရီ 2014
Image caption အစိုးရ ကတော့ ရန်ကုန် ပြည်သူ့ ရင်ပြင်မှာ အလံတင် အခမ်းအနား ကျင်းပခဲ့ ပါတယ်

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်း အနား တွေကို မြန်မာ နိုင်ငံ တဝန်း ကျင်းပခဲ့ ကြပြီး၊ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး နေ့ သဝဏ်လွှာ မှာတော့ ပြည်ထောင်စု မပြိုကွဲ ရေးကို အဓိက ဖေါ်ပြ ထားတာ ကို တွေ့ရ ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တော့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး အရေးကြီး ကြောင်း အန်အဲလ်ဒီ ရုံးချုပ်ဖြစ်တဲ့ ရွှေဂုံတိုင်ရုံးမှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်း အနားမှာ ပြောကြား သွားခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ယုံကြည်ချက် သန္နိဌာန် ဆိုပြီး သဝဏ်လွှာ အနှစ်ချုပ်မှာ ဖော်ပြသွားတဲ့ အချက် လေးချက်ကို ကြည့်မယ် ဆိုရင် ပြည်ထောင်စု မပြိုကွဲရေး ၊ အချုပ် အချာ အာဏာ တည်တံ့ရေး ကိုလည်း အလေးအနက် ထည့်သွင်း ရေးထားတာ တွေ့ရပါတယ်။ နောက်ပြီး လက်နက်ကိုင် ပဋိ ပက္ခ ချုပ်ငြိမ်းရေးကို အဓိက ဦးစားပေး ဖေါ်ပြ ထားတာ ကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သစ်ကို ပြည်သူ့ စွမ်းအားဖြင့် ကြိုးပမ်း အကောင် အထည် ဖော်ရေး ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း ထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ထဲမှာတော့ စည်းကမ်း ရှိသော ဒီမိုကရေစီကို ဝေဖန် ထားတာ တွေ့ရပြီး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက် တဲ့ အခါ အမျိုးသား ရင်ကြား စေ့ရေး နည်းလမ်းနဲ့ သွားမယ်လို့ အလေး အနက်ထား ပြောကြား ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အခြေခံ ဥပဒေ ပြင်ဆင် ရာမှာ အစိုးရ ရဲ့ အခန်း ကဏ္ဍဟာ အရေး ပါတယ်လို့လည်း သူက ဆိုပါတယ်။ ဒီတော့ လွတ်လပ်ရေး နေ့မှာ ဖော်ပြတဲ့ သဘောထားတွေ အရ ကွဲလွဲတဲ့ အမြင်တွေ ရှိနေတယ် ဆိုတာကို တွေ့နေရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ