ဂျပန်က မြန်မာကို ဒေါ်လာ သန်း ၁၀၀ ကူညီမယ်

  • 6 ဇန်နဝါရီ 2014
Image caption မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေး တိုကျိုမြို့ ဂျပန် မြန်မာ ထိပ်သီး ဆွေးနွေးပွဲမှာ တွေ့ရစဉ်။

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့နဲ့ ပဋိပက္ခဒဏ် ခံစားနေရတဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ကူညီဖို့အတွက် လာမယ့် ငါးနှစ်အတွင်း ဂျပန် ယန်း ၁၀ ဘီလီယံ (ဒေါ်လာ သန်း ၁၀၀) ထောက်ပံ့ ကူညီသွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီးက ဒီကနေ့ ပြောကြားလိုက် ပါတယ်။

အခုလို ကူညီမယ့် ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် ဆာဆာကာဝါနဲ့ ဂျပန်သံအမတ်ကြီး အီနာမာတာ တို့က ဒီကနေ့ ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီငွေတွေကို မြန်မာအစိုးရနဲ့ ညိနှိုင်းပြီး ဂျပန် INGO တွေက တဆင့် ပေးအပ်မှာ ဖြစ်တယ်လို့ ပြောပေမယ့် ဘယ်တော့ စပေးမယ် ဆိုတာကိုတော့ တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် ၅ နှစ်အတွင်းမှာ ညိနှိုင်းပြီး အမြန်ဆုံး ပေးသွားမယ် ဆိုတာကိုတော့ ဂျပန် သံအမတ်ကြီး မစ္စတာ အီနာမာတာက ပြောသွားခဲ့ပါတယ်။

အကူညီ ပေးတဲ့နေရာမှာတော့ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ် ခံစားနေရတဲ့ ဒေသက လူတွေကို ပေးမှာလို့ ပြောပေမယ့် ရခိုင်ဒေသက ရိုဟင်ဂျာလို့ ခေါ်တဲ့ မွတ်ဆလင်တွေအတွက် ပါဝင်မှာ မဟုတ်သလို အစိုးရနဲ့ အပစ်အခတ် မရပ်သေးတဲ့ တိုင်းရင်းသား ဒေသတွေဟာလည်း အကူညီပေးမယ့် သူတွေရဲ့ လုံခြုံရေးကြောင့် မပါဝင်နိုင်ဘူးလို ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဂျပန်က မြန်မာကို ယန်း ၁၅၀ ဘီလီယံ (ဒေါ်လာသန်း တစ် ထောင် ၄ ရာ ဝန်းကျင်) အကူအညီ ပေးမယ်လို့ ကတိပေးခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့တဲ့ တိုကျိုမြို့က ဂျပန် မြန်မာ ထိပ်သီး ဆွေးနွေးပွဲမှာတော့ အသေးစိတ် ဆွေးနွေးပြီး ဂျပန်အစိုးရက အခုလို ဆုံးဖြတ်ခဲ့တာပါ။

ဒီ အကူညီပေးရေး အစီစဉ်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသား ဒေတွေမှာ ဖွံ့ဖြိုးရေးတွေ လုပ်မှာ ဖြစ်ပေမယ့် မြန်မာအစိုးရနဲ့ ညိနှိုင်းပြီး လုပ်မှာ ဖြစ်ကြောင်း၊ အစိုးရနဲ့ တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ဂျပန် အန်ဂျီအိုတွေ ကနေ တစ်ဆင့် ပေးအပ်မှာ ဖြစ်ကြောင်း၊ ဂျပန်အစိုးရဟာ အခု အထောက်အပံ့ကို သုံးပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အားပေး ကူညီဖို့ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး အီနာမာတာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ