စောလူးမင်း ကျောက်စာ ပေတော ပရဟိတ ကျောင်းအတွင်းတွေ့

  • 15 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မြစေတီ ကျောက်စာ ရှိရာ ပုဂံမြို့ တနေရာ

ရာဇကုမာရ ကျောက်စာထက် စောသော နှစ်ပေါင်း ၉၆၀ က ပါဠိ ၊ ပျူ ၊ မွန် ၊ ဂျွမ်း ၊ မြန်မာ ဘာသာငါးမျိုး ၊ အက္ခရာ ငါးမျိုးဖြင့် ရေးထိုး ထားသော သမိုင်းတန်ဖိုး လွန်စွာ ကြီးမား လှသည့် စောလူးမင်း ကျောက်စာ တစ်ချပ်ကို မြစ်သားမြို့ ၁၁ လမ်းတွင် ရှိသော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ပေတော ပရဟိတ ကျောင်းအတွင်း၌ နို၀င်ဘာ ၄ ရက်တွင် တွေ့ရှိခဲ့ပါတယ်။

၅-၁၁-၂၀၁၃ ရက်နေ့ထုတ် ရတနာပုံ သတင်းစာ တွင် ဤဆောင်းပါး ဖတ်ရှု ရသဖြင့် တမ္ပ၀တီ ဦး၀င်းမောင် လာရောက် သုတေသန ပြုလုပ် ခဲ့ရာမှာ အဲဒီနေ့က အပိုင်း ၃ ပိုင်းသာ တွေ့ရှိခဲ့ပြီး မနေ့က အင်္ဂါနေ့က နောက်တစ်ပိုင်း ထပ်မံ တွေ့ရှိခဲ့ပါတယ်။

အပိုင်း လေးပိုင်းအား ဆက်စပ်ပြီး ဆရာကြီး ဦးဝင်းမောင်က ထပ်မံ သုတေသန ပြုလုပ်ခဲ့ပါတယ်။

အခု ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက တွေ့ခဲ့တဲ့ ကျောက်စာဟာ ရာဇကုမာရကျောက်စာထက်စောတဲ့ စောလူမင်းလက်ထက်က ကျောက်စာဖြစ်တဲ့အကြောင်း ပညာရှင်တွေ အတည်ပြုနိုင်ခဲ့ပါတယ်။

မြစ်သားမြို့က ပေတောကျောင်းတိုက်မှာ တွေ့ထားတဲ့ ကျောက်စာချပ်ကြီးရဲ့ ကွဲပြတ်နေတဲ့ အပိုင်းအစ ၄ပိုင်းကို ဆက်စပ်ပြီး ပျူဘာသာကျွမ်းကျင်သူ၊ မွန်ဘာသာကျွမ်းကျင်သူ၊ ကျောက်စာပညာ ကျွမ်းကျင်သူတွေ စုပေါင်း လေ့လာသုံးသပ်ချက်အရ သက္ကရာဇ် ၄၁၅ ခု နှစ်က ရေးထိုးခဲ့တဲ့ စောလူမင်းရဲ့မိဖုရား သီရိ စန္ဒာဒေဝီရဲ့ မဟာ အနုရုဒ္ဓါ ဒေဝါရာမကျောင်း ကျောက်စာဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

ကျောက်စာသမိုင်း ဖေါ်ထုတ်ရေး ခေါင်းဆောင် တယောက်ဖြစ်တဲ့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပ၀တီ ဦး၀င်းမောင်က အတည်ပြုနိုင်တဲ့ အထောက်အထား အချက်လက်တွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သီရိစန္ဒာဒေဝီ မိဖုရားဆိုတာ အများသိကြတဲ့ ဥဿာပဲခူးမင်းက ပုဂံပြည့်ရှင် အနော်ရထာမင်းကို ဆက်သတဲ့ မဏိစန္ဒာမင်းသမီးနဲ့ တဦးတည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကျောက်စာမှာပါတဲ့ မွန်ဘာသာစကားကို ဘာသာပြန်ပေးခဲ့တဲ့ ရှေးဟောင်းသုတေသနဌာန အငြိမ်းစားတဦးဖြစ်တဲ့ မွန်ကဗည်းကျောက်စာပညာရှင် နိုင်ဘရှင် ကလည်း စောလူးမင်းဟာ မြန်မာ့သမိုင်းမှာ အများထင်ထားတဲ့ လောင်းကစားနဲ့ ပျော်ပါးနေတဲ့ မင်းတပါးဆိုတဲ့အချက်ဟာ ဒီကျောက်စာပါ တွေ့ရှိချက်အရ ပြောင်းပြန် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အခုလတ်တလော လေ့လာချက်တွေအရ အရှေ့ဘက်နဲ့ကျောဘက် ၂ဖက်ပါ စာပိုဒ်တွေအရ မွန်၊မြန်မာ၊ ပါဠိ၊ ပျူ ၊ဂျွမ်းနဲ့ ဂုံရှမ်း ဘာသာစကား ၆မျိုးနဲ့ ရေးထားတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

နှစ်ပေါင်း ၁ထောင်ပတ်၀န်းကျင်က ကျောက်စာဖြစ်တာမို့ ဘာသာစကား ဝိဝါဒ ကွဲမှုတွေကတော့ ရှိနိုင်သေးတယ်လို့လည်း ပြောပါတယ်။

ခုတွေ့ထားတဲ့ ကျောက်စာကို မူလတွေ့ရှိရာ မြစ်သားက ပေတောကျောင်းတိုက်မှာဘဲ ထားရှိမှာဖြစ်ပြီး စောလူးမင်းကျောက်စာ ထိန်းသိမ်းရေးကော်မတီက ကြီးကြပ်စောင့်ရှောက်မယ်လို့ သိခဲ့ရပါတယ်။