လူ့ဘောင်သစ် ပါတီ မှတ်ပုံတင်မှု နောက်တဖွဲ့က ကန့်ကွက်

  • 10 ဇန်နဝါရီ 2014
Image caption လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ဖို့အတွက် ပြည်ပက ပြန်လာတဲ့ ဦးအောင်မိုးဇော် ခေါင်းဆောင်တဲ့ အဖွဲ့ရဲ့ လျှောက်ထားချက်ကို နောက်တဖွဲ့က ရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက် ထားပါတယ်။

နှစ် ၂၀ ကျော်ကြာ ပြည်ပမှာ အခြေစိုက်ခဲ့ပြီး ပြည်တွင်းမှာ တရားဝင်ပါတီအဖြစ် ရပ်တည်ဖို့ ဦးအောင်မိုးဇော် ခေါင်းဆောင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင် လျှောက်ထားချက်ကို ဦးအောင်ဇေယျ ခေါင်းဆောင်တဲ့အဖွဲ့က သူတို့ဟာလည်း ဒီပါတီရဲ့နံမည်ကို ကိုယ်စားပြုကြသူတွေ ဖြစ်တယ်ဆိုပြီး ကန့်ကွက်နေတာ ဖြစ်ပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကနေ ပေါ်ပေါက်လာခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ အဲဒီအချိန်က စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် ဦးအောင်မိုးဇော် အပါအဝင် ပါတီဝင် တချို့တဝက်က တောခိုခဲ့ကြပြီး ဦးအောင်ဇေယျအဖွဲ့က ပြည်တွင်းမှာ ကျန်နေခဲ့ပါတယ်။

အခုလို ကန့်ကွက်ရတာနဲ့ ပတ်သက်ပြီး ဦးအောင်ဇေယျ အဖွဲ့မှာ ပါတဲ့ ကိုသက်ဦးက သူတို့ အဖွဲ့ဟာ ဝန်ကြီးဦးအောင်မင်းနဲ့ ညှိပြီး အစောပိုင်းကတည်းက ပြန်ဝင်လာကြသူတွေ ဖြစ်တယ် ၊ ဦးအောင်မိုးဇော် တို့ အဖွဲ့ဟာ အခုလို ပြည်တွင်းက လူတွေကို အသိမပေးဘဲ လုပ်ခဲ့လို့ ကန့်ကွက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးအောင်မိုးဇော်တို့ အဖွဲ့ ကတော့ သူပြောသလို မဟုတ်ဘူးလို့ ဆိုနေပြီး ပါတီမှတ်ပုံတင် မလျှောက်ခင်ကတည်းက သူတို့ အချင်းချင်းကြားမှာ ညှိနှိုင်းထားပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးအောင်မိုးဇော်အဖွဲ့မှာပါတဲ့ ကိုဇော်ဇော်ထွန်း ကတော့ တကယ်တော့ ဦးအောင်ဇေယျနဲ့ ကိုသက်ဦး အပါအဝင် လေးဦးဟာ အခုမှတ်ပုံတင်ထားတဲ့အဖွဲ့မှာ ပါဖို့ သဘောတူထားပြီးမှ နောက်ပြန်ဆုတ်သွားခဲ့တာလို့လည်း ပြောပါတယ်။

ခုလို ကန့်ကွက်ထားတဲ့အပေါ် ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လို သဘောထားမလဲ ဆိုတာတော့ မသိရသေးပါဘူး။

လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကာလတွေတုန်းက အင်အားကြီးမားပြီး လူငယ်တွေဦးဆောင်တဲ့ ပါတီတခု ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ပါဝင်ခဲ့သူတွေဟာ အခုအချိန်မှာတော့ ပြည်တွင်းမှာ ဦးအောင်ဇေယျ ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဦးဇေယျ ခေါင်းဆောင်တဲ့အဖွဲ့၊ ပြည်ပမှာတော့ဦးအောင်မိုးဇော်ခေါင်းဆောင်တဲ့အဖွဲ့ဆိုပြီး အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။