ဘောလုံးသမားတွေရဲ့ လစာတွေ လျှော့မယ်

  • 10 ဇန်နဝါရီ 2014
Image caption ဆီးဂိမ်းအပြီး မြန်မာဘောလုံး ကလပ် အသင်းတွေ ပြန် အသက် ဝင်လာမယ်လို့ မျှော်လင့်ခဲ့ကြ

မြန်မာ နေရှင်နယ် လိဂ် ကလပ် ဘောလုံး အသင်းက ဘောလုံးသမားတွေရဲ့ လစာကို လာမယ့် ဖေဖေါ်ဝါရီလ ကစပြီး ကျပ် ၁၀သိန်းထက် ပိုမပေးဖို့ သတ်မှတ်လိုက် ပါတယ်။

အရင် လစာထက် လျော့တဲ့ အဲဒီ လစာနှုန်းကို ဘောလုံးသမား တွေ၊ ကလပ်အသင်း တွေရဲ့ သဘောတူညီချက်နဲ့ သတ်မှတ်လိုက်တာလို့ သိရပါတယ်။

အရင်က ပြည်တွင်းက နာမည်ကျော် ဘောလုံးသမားတွေဟာ တလကို ကျပ် သိန်း၃၀လောက်အထိ ရကြပါတယ်။

၂၀ဝ၉ ခုနှစ်က စပြီး မြန်မာ ဘောလုံးလောက တိုးတက်ရေးအတွက် ဆိုပြီး အစိုးရနဲ့ နီးစပ်တဲ့ ထိပ်သီး စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေက ကျပ်ငွေ သိန်းပေါင်း များစွာ ကုန်ကျခံပြီး professional league အသင်းတွေ တည်ထောင် လာခဲ့ပေမဲ့ မြန်မာ ဘောလုံးလောက ဟာ အမျိုးသား အသင်း ရော ကလပ်အသင်းတွေပါ ထင်သလောက် ခရီး မပေါက်ခဲ့ပါ ဘူး။

ဒီလို သတ်မှတ်ရတာဟာ ကလပ်အသင်းတွေ ရေရှည် ရပ်တည်နိုင်ဖို့ အားလုံး ညှိနှိုင်းပြီး လုပ်ခဲ့ရတာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် က ကြာသပတေးနေ့တုန်းက ကစားသမားတွေ ကလပ်အသင်းတွေ တွေ့ဆုံတဲ့ ပွဲမှာ ပြောသွားပါတယ်။

အခုလို လစာလျှော့ချ သတ်မှတ်တာဟာ မြန်မာ ပြည်တွင်းက ကစားသမားတွေရဲ့ လစာတွေကိုသာ လျှော့တာ ဖြစ်ပြီး ပြည်ပက လာကစားတဲ့ ကစားသမားတွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။

အခုလို ဘောလုံးသမားတွေကို လစာငွေ လျှော့ချ သတ်မှတ်လိုက်တာဟာ ဆီးဂိမ်း မှာ မြန်မာအသင်း အောင်မြင် မှု မရခဲ့တာနဲ့လည်း ဆိုင်နိုင်တယ်လို့ ဝေဖန်သူတွေက သုံးသပ်ပါတယ်။

ဆီးဂိမ်း မအောင်မြင်ခဲ့ သလို နေရှင်နယ် လိဂ်ဟာလည်း ၄နှစ် ကျော် လာတဲ့ အချိန် မှာ ပွဲကြည့်တဲ့ ပရိသတ်က ကွင်းထဲမှာ ရာဂဏန်းလောက်သာ ရှိပါတော့တယ်။

မြန်မာ နေရှင်နယ် လိဂ်ဟာ ဆီးဂိမ်းအပြီးမှာ တစ်ကျော့ပြန် အသက်ဝင် လာမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုလို လစာတွေ လျှော့လိုက်တာကြောင့် နေရှင်နယ် လိဂ်ဟာ ကစားသမားကောင်းတွေ ထွက်လာဖို့ရော၊ ပရိသတ်ကိုဆွဲဆောင်နိုင်ဖို့ပါ ထင်သလောက် မလွယ်နိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။