ဆန္ဒပြရင် ဘယ်လို ထိန်းမလဲ

  • 10 ဇန်နဝါရီ 2014
Burma Police
Image caption အရင်က ရဲတွေရဲ့ လူစုခွဲမှု ကြမ်းတမ်းတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့

မြန်မာ နိုင်ငံကို ရောက်နေတဲ့ ဂျပန် နိုင်ငံ ပြည်တွင်း ရေးရာနဲ့ ဆက်သွယ်ရေး ဝန်ကြီးက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ဖို့ နည်းပညာ အကူအညီတွေ ပေးရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ ဝန်ကြီးတွေနဲ့ ကြာသပတေးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

အလားတူပဲ အီးယူ ဥရောပ သမဂ္ဂ ကလည်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ကို လေ့ကျင့် သင်တန်းတွေ ပေးနေ ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စပြီး ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင် တွေကို နိုင်ငံတကာ စံနဲ့ အညီ လူအုပ်စု ထိန်းချုပ်ရေး သင်တန်းတွေ စတင် ပေးခဲ့ရာမှာ လူ့အခွင့် အရေးစံနှုန်းတွေနဲ့ အညီ အဆင့်ဆင့် ဘယ်လို ကိုင်တွယ် ဆောင်ရွက်ရမယ် ဆိုတာ သင်ပေးခဲ့ရာက အခုတော့ လူထုပါ ပါဝင်ပြီး လက်တွေ လေ့ကျင့်နေတဲ့ အဆင့် ရောက်နေပြီလို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က ရဲမှူးချုပ် ဦးဝင်းခေါင်က ပြော ပါတယ်။

ဒီလေ့ကျင့် သင်တန်းတွေအရ လူထုနဲ့ ထိတွေ့ကိုင်တွယ်ရာမှာ တင်းမာမှုတွေကို ဘယ်လို ဖြေလျှော့မယ်၊ လူထုကို နှစ်သိမ့်မှု ညှိနှိုင်း ဆွေးနွေးမှုတွေ ဘယ်လို ပေးမယ် ဆိုတာ အသိပညာ ပေးတဲ့ အတွက် ရဲတပ်ဖွဲ့ အနေနဲ့ အရင်ကလို ထိပ်တိုက် ရင်ဆိုင်တဲ့ ပုံစံမျိုးနဲ့ လူအုပ်စုကို နှိမ်နင်းတာမျိုး မလုပ်တော့ဘဲ အစ ကတည်းက မဖြစ်အောင် ကြိုတင် ကာကွယ်နည်းကို သုံးမယ် လို့လည်း သူက ပြောပါတယ်။

နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စံတွေ အတိုင်း လူထုကို မထိခိုက် စေဘဲ အကောင်းဆုံး အသက်သာဆုံး ဖြစ်စေဖို့ လူထုနဲ့ ပူးပေါင်း နားလည်မှု ရအောင် ပိုမို သိမ်မွေ့တဲ့ နည်းနဲ့ ဖြေရှင်း သွားမယ်လို့ ဦးဝင်းခေါင်က ပြော ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ညှိနှိုင်း ဆွေးနွေး အဖြေရှာတယ် ဆိုတာကို အရင်က ထည့်သွင်း လုပ်ဆောင်မှု မရှိခဲ့တာကိုလည်း သူက ဝန်ခံ ပြောဆိုပြီး အခု သင်ကြား ပေးမှုတွေအရ ညှိနှိုင်း ဆွေးနွေး အဖြေရှာခြင်းရဲ့ အောင်မြင်မှု တွေကို သိလာ ရတယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ