ရှမ်းရွာသားတွေ ပြန်လွှတ်ဖို့ ကျားဖြူပါတီ တောင်းဆို

  • 10 ဇန်နဝါရီ 2014
Image caption ဒု-သမ္မတ နဲ့ ပြည်ထောင်စု လွှတ်တော် အထိ တင်ပြ သွားမယ်လို့ SNDP ပါတီ ဥက္ကဌ က ပြောကြား

ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်က က ဖမ်းဆီး ထားတဲ့ ရှမ်း ရွာသား တွေကို ချွင်းချက် မရှိ ပြန်လွှတ် ပေးဖို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ကျားဖြူပါတီ က တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေ အတွင်း ကေအိုင်အေ က ရှမ်း ရွာသားတွေကို တပ်သား အဖြစ် ခေါ်ယူ စုဆောင်း မှုတွေ အပေါ် ရှမ်း မျိုးနွယ်စု အဖွဲ့ တွေက ကန့်ကွက် မှုတွေ ထွက်လာခဲ့ အပြီး ကျားဖြူ ပါတီက ခုလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ ကေအိုင်အေက ဒေသခံ ရွာသား တွေကို ဖမ်းဆီး ခေါ်ဆောင် မှုတွေ ရှိနေဆဲ ဖြစ်ပြီး လွှတ်ပေးဖို့ တောင်းဆို ထားသူတွေ အားလုံး ကလည်း လွတ်မြောက် လာခြင်း မရှိ သေးဘူးလို့ SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။

ကေအိုင်အေ ကတော့ သူတို့ ဘက်ကို နာမည် စာရင်းနဲ့ တောင်းဆို ထားသူတွေ အကုန်လုံးကို လွှတ်ပေး လိုက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကေအိုင်အေ လုပ်ငန်း ဖေါ်ဆောင်မှု အဖွဲ့ရုံး ပြောခွင့် ရသူ ဦးဒေါင်ခါး ကလည်း တပ်သားသစ် စုဆောင်း မှုတွေဟာ အခြား လက်နက်ကိုင် တပ်တွေ မှာလည်း ရှိနေ တာကြောင့် ကေအိုင်အေ ကပဲ လုပ်တာ ဆိုပြီး အပြစ် ပုံမချ သင့်ဘူးလို့ ခုလို ပြောပါတယ်။

SNDP ပါတီ အနေနဲ့ တပ်သား စုဆောင်း ခံရတဲ့ ရှမ်း ရွာသားတွေ လွှတ်ပေးဖို့ ကေအိုင်ကေ ဘက်ကို တိုက်ရိုက် ပြောတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် SNDP ဟာ မြန်မာ ငြိမ်းချမ်းရေး စင်တာ ကနေ တဆင့် KIA ကို တောင်း ဆိုတာ မျိုးတော့ ရှိနေ ပါတယ်။

ဆက်လက်ပြီး KIA ဘက်က လိုက်နာမှု မရှိ ရင်တော့ သူတို့ အနေနဲ့ ဒု-သမ္မတ နဲ့ ပြည်ထောင်စု လွှတ်တော် အထိ တင်ပြ တောင်းဆို သွားမယ်လို့ SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ