မြန်မာပြည်က ပန်းပွင့် ရုပ်ကြွင်းက ရှေးအကျဆုံးလို့ ပညာရှင်တွေဆို

  • 12 ဇန်နဝါရီ 2014
Image caption ပန်းစျေးခင်း

ပန်းပင်တွေမှာ ဝတ်ဆံဖို ဝတ်ဆံမ ပေါင်းယှက်ပြီး မျိုးကူးတဲ့ အထောက်အထား တွေမှာ မြန်မာပြည်မှာ တွေ့ခဲ့ရလိုက်တဲ့ ပန်းပွင့် ရုပ်ကြွင်းက ရှေးအကျဆုံးဆိုတာ ပညာရှင်တွေ က သုတေသန လုပ် ပြီး အစီရင်ခံစာ ရေးထားပါတယ်။

အခုပညာရှင်တွေ တွေ့ခဲ့တဲ့ အထောက်အထား ပန်းပွင့်ရုပ်ကြွင်းက လွန်ခဲ့တဲ့ နှစ် သန်း ၁၀၀ လောက် သက်တမ်းရင့်နေပြီလို့ မှန်းကြပြီး ပယင်း ကျောက်ထဲမှာ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

ဒီပန်းပွင့် ရုပ်ကြွင်းထဲမှာ ပန်းပွင့်ငယ်လေးတွေ ၁၈ ခုလောက်ပါဝင်ပြီး ပန်းပွင့် ထဲကို သေသေချာချာ မိုက်ကရိုစကုတ် နဲ့ကြည့်မယ် ဆိုရင် ဝတ်ဆံဖိုနဲ့ ဝတ်ဆံမ တို့ မျိုးကူးနေတာကို တွေ့ကြရပါတယ် လို့ သုတေသီ တွေ က ပြောပါတယ်။

အဲဒီလို မျိုးကူးတာ ကနေ နောက်ပိုင်း အစေ့အဖြစ် ဖြစ်ထွန်း မျိုးပွား နိုင်တာ ဖြစ်ပါတယ်။

အမေရိကန် နဲ့ ဂျာမဏီ က ပညာရှင်တွေ ပါဝင်တဲ့ ဒီအဖွဲ့ဟာ ဟူးကောင်းချိုင့်ဝှမ်း အတွင်း က တွေ့ခဲ့တာ ဖြစ်ပြီး အဲဒီထဲ က သုတေသီ တယောက်ဖြစ်တဲ့ အိုရီဂွန် စတိတ် ယူနီဗာစီတီ က ပရော်ဖက်ဆာ ဂျော့ချ ပွိုင်နာ က ဒီလို ခရီတေးဆီးယပ် လို့ ခေါ်တဲ့ ပန်းထဲမှာ အဲလို မျိုးကူးနေတာ မျိုး အထောက်အထား တွေ့တာ ကလည်း ပထမဆုံးပဲလို့ ဘီဘီစီ ကို ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ လမ်းလျှောက်သွားနေ ချိန်လောက် က ပွင့်ခဲ့တဲ့ ပန်းတွေရဲ့ အခု ကျောက်ဖြစ်ရုပ်ကြွင်းတွေ က ပန်းပွင့် တွေ ဝတ်ဆံဖို ဝတ်ဆံမ မျိုးပွားတဲ့ အထောက်အထား ကို သက်တမ်း အရင့်ဆုံး တွေ့ရှိချက် တခုအဖြစ် ဖော်ပြလိုက်နိုင်ခဲ့ပါတယ်။

ပန်းပွင့်တွေ အဲဒီလို ဝတ်ဆံဖို မ မျိုးကူးကြတာ ဟာ ကမ္ဘာပေါ်က ဇီဝမျိုးကွဲတွေ အပြောင်းအလဲ ဖြစ်ဖို့ အတွက် အများကြီး သက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို မြန်မာပြည် က ပန်းပွင့်ရုပ်ကြွင်း ကို တွေ့လိုက်ရတဲ့ အဖြစ် ဟာ ရတနာပုံ ကိုဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရ သလို ပါပဲ လို့ သုတေသီ တွေ က ပြောပါတယ်။