တိုင်းရင်းသားတွေရဲ့ အပစ်ရပ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ

  • 12 ဇန်နဝါရီ 2014
Image caption တိုင်းရင်းသားတွေရဲ့ ညီလာခံကို လိုင်ဇာမြို့မှာ ပထမအကြိမ် ကျင်းပခဲ့

လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့ဝင် ခေါင်းဆောင်တွေ ဦးဆောင်ပြီး အလုပ်ရုံ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စနေနေ့အထိ ၂ရက်ကြာ ကျင်းပခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး လုပ်ပြီး နောက်ပိုင်း စောင့်ကြည့် လေ့လာရေး လုပ်ငန်းတွေကို ဘယ်လို ပုံစံ ချမလဲ။ ဘယ်အဆင့်မှာ လုပ်မလဲ ဆိုတာကို ပထမ ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးနောက်ပိုင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က လိုက်နာရမယ့် စည်းကမ်းတွေ၊ တပ်မတော်ဘက်က လိုက်နာရမယ့် စည်းကမ်းတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ NCCT ဒုတိယခေါင်းဆောင် ပဒို ကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ဘက်ကလည်း အလားတူ ကြိုတင် ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့ သူ့အနေနဲ့ ယူဆကြောင်းနဲ့ မြင်မြင်သာသာ မဟုတ်တောင် အတွင်းမှာ ပြင်ဆင်မှုတွေ၊ ဆွေးနွေးမှုတွေ ရှိမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

တပြည်လုံး အပစ်ရပ်ပြီးမှသာ နိုင်ငံရေး အဆင့် တက်လှမ်း ဆွေးနွေးနိုင်မှာမို့ တပြည်လုံး အပစ်ရပ်ရေး ကြိုတင် ပြင်ဆင်မှုတွေဟာ အရေးပါတယ်လို့ ဆိုပါတယ်။

သူတို့ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံတွေအရ ပြီးခဲ့တဲ့ အစိုးရ လက်ထက်တွေ တုန်းက အပစ်အခတ် ရပ်စဲအပြီးမှာ နိုင်ငံရေး ဆွေးနွေးတဲ့အ ဆင့် မရောက်နိုင်ခဲ့တဲ့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က သံသယစိတ်တွေ ရှိခဲ့ပြီး ယုံကြည်စိတ်တွေ နည်းပါးခဲ့တယ်လို့ ပဒို ကွယ်ထူးဝင်းက ပြောပြပါတယ်။

ဒါပေမယ့် အပစ်မရပ်ပဲ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု လုပ်မယ် ဆိုရင် တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် တဘက်နဲ့ တဘက် ယုံကြည်မှု ရှိမှာ မဟုတ်တာကြောင့် အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရေး လုပ်ဖို့ လိုအပ်တဲ့ မူဘောင်တွေ ညှိနှိုင်းသွားမယ်ဆိုတဲ့ သဘောထားမျိုးကို လက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့ ထားရှိထားတယ်လို့ ပဒို ကွယ်ထူးဝင်းက ပြောသွားပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို NCCT ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ပဒို ကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ် ဂွမ်မော် အပါအဝင် NCCT အဖွဲ့ဝင် အတော်များများ တက်ရောက်ခဲ့ကြပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲ အပြီးမှာ လာမယ့် ဇန္နဝါရီလ ၂၀ ရက်နေ့မှာ KNU ကရင် အမျိုးသား အစည်းအရုံးရဲ့ နယ်မြေမှာ ကျင်းပမယ့် တိုင်းရင်းသားတွေရဲ့ ဒုတိယ အကြိမ် ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။