မြန်မာ့ အစုရှယ်ယာ စျေးကွက် အလားအလာ

  • 13 ဇန်နဝါရီ 2014
Vietnum Stock Share
Image caption ပြည်ပ နိုင်ငံတွေလို အစုရှယ်ယာ စျေးကွက် မြန်မာ မထွန်းကားသေး

မြန်မာ နိုင်ငံမှာ နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာ ပြီးတဲ့နောက် ပုဂ္ဂလိက ကုမ္မဏီတွေက အစုရှယ် ယာတွေ ရောင်းပြီး အများပိုင် ကုမ္မဏီတွေ အဖြစ် ပြောင်းလဲ လုပ်ကိုင် လာကြ ပါတယ်။

တနင်္လာ နေ့က FMI က ရှယ်ယာ တစ်ခုကို တစ် သောင်း သတ်မှတ်ပြီး အစု ရှယ်ယာ နှစ် သိန်းခွဲကို စတင် ထုတ်ရောင်း လိုက်ရာမှာ သိန်း ရာနဲ့ ချီပြီး ဝယ်ယူ သူတွေ ရှိခဲ့ပါတယ်။

အများပိုင် ကုမ္မဏီတွေ ပြောင်းတာ တွေ ရှယ်ယာတွေ ရောင်းတာမျိုးကို မြန်မာနိုင်ငံ မှာ များများ စားစား တွေ့ရ လေ့မရှိ ပေမဲ့ တနင်္လာ နေ့က ထုတ်ရောင်းတဲ့ FMI က ရှယ်ယာတွေ ကို ရန်ကုန် ကလူလက် တန်းစား တွေသာမက အသေးစား စီးပွားရေး လုပ်ငန်းရှင် တွေကပါ ဝယ်ယူ ခဲ့ကြ ပါတယ်။

အစု ရှယ်ယာ ၂၀ ကို ဝယ်ခဲ့သူ တစ်ယောက်က FMI ဟာ စီးပွားရေး နယ်ပယ်မှာ အောင်မြင် နေတာ တွေ့ရလို့ သူဝယ်ထားတဲ့ ရှယ်ယာတွေ မြတ်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

စတော့ ရှယ်ယာဈေးကွက် မထွန်းကား သေးသလို ဘဏ်စနစ်လည်း ပီပြင်မှု မရှိသေးတဲ့ မြန်မာ နိုင်ငံမှာ လူလတ် တန်းစား တွေက သူတို့ရဲ့ ငွေတွေကို ဒေါ်လာ၊ ရွှေ၊ ကား စတာတွေ ဝယ်ယူ ရင်းနှီး မြုပ်နှံထား ကြလေ့ ရှိပါတယ်။

ဒါပေမဲ့ ကား၊ ရွှေ နဲ့ ဒေါ်လာတို့ကို ဝယ်ထားရင် မမှားဘူး ဆိုတဲ အရင် ပုံစံကနေ ပြောင်းလာနေကြပြီး ရင်းနှီး မြုပ်နှံဖို့ မသေချာမှုတွေ ရှိနေပါတယ်။

အိမ်ခြံမြေ ဘက်မှာ ကျပြန်တော့လည်း အခွန်တွေ တိုးပြီး အနိမ့်ဆုံး စံဈေး သတ်မှတ်ချက်တွေ တိုးလာတာကြောင့် ရှယ်ယာတွေ ဘက် ကို လူတွေစိတ် လည်လာတယ် လို့ပြောနိုင်ပါတယ်။

အစု ရှယ်ယာရောင်း ဝယ်မှုတွေ လုပ်နေတာ ကောင်းပေမဲ့ ရှေ့မှာ ဘယ်လောက် ဆက်လက် ရှင်သန် အောင်မြင်နိုင်မယ် ဆိုတာကိုတော့ အတပ် မပြောနိုင်သေးဘူးလို့ အမျိုးသား စီမံ ကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန အငြိမ်းစား အကြံပေး ဆရာမကြီး ဒေါက်တာ ဒေါ်ခင်အုံးသန့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ