၂၀၁၄ အတွက် လွှတ်တော် ပြန်စပြီ

  • 14 ဇန်နဝါရီ 2014
Parliament
Image caption ဒီတကြိမ် လွှတ်တော်ဟာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်လာမလား

ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် တို့ အတွက် နဝမ အကြိမ် ပုံမှန် အစည်း အဝေးတွေကို စတင် ကျင်းပ ခဲ့ပြီ ဖြစ်ပါတယ်။

အခု ပြန်လည် စတင် လိုက်တဲ့ လွှတ်တော် အစည်း အဝေး တွေထဲက ပြည်သူ့ လွှတ်တော် အစည်း အဝေးမှာ ဆိုရင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရသုံးငွေ စာရင်း ဥပဒေ ကိုပါ ပြဌန်းမှာ ဖြစ်တဲ့ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေန်းကိုယ်တိုင် အစည်းအဝေး ဖွင့်ပွဲမှာ အလေး ဂရုပြု ဆောင်ရွက်ဖို့ တိုက်တွန်း သွားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အန်အယ်ဒီနဲ့ ပြည်ခိုင်ဖြိုး ပါတီ ကြီးတွေ အ ပါ အဝင် တခြား ပါတီတွေ၊ နောက် လူမှု အခြေပြု အဖွဲ့တွေက တင်ပြချက်တွေကိုလည်း အပြီးသတ် ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။

အခု ဇန်နဝါရီလ အကုန်မှာ ပြည်ထောင်စု လွှတ်တော်ကို တင်ဖို့ သတ်မှတ်ထားပြီ ဖြစ်လို့၊ ဘယ်အချက်တွေကိုပြင်နိုင်လို့ ဘယ် ပုဒ်မတွေကတော့ အခြေအတင် အငြင်းပွားဖွယ် ဖြစ်လာမလား ဆိုတာကို များမကြာခင် သိကြရတော့မှာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေနဲ့ တိုက်ရိုက် သတ်ဆိုင်ခြင်း မရှိပေမယ့် အများ ပြည်သူတွေ အကြား အငြင်းပွားဖွယ် ဖြစ်နေရတဲ့ ဆန္ဒပြခွင့် ဆိုင်ရာ ပုပ်မ ၁၈ ဖျက်သိမ်းရေး တောင်းဆိုမှုတွေ နဲ့ပတ်သက်ပြီးလည်း အခု လွှတ်တော် အစည်းအဝေးမှာ အကြိတ် အနယ် ဆွေနွေးဖို့ ရှိနေပါတယ်။

ပုံနှိပ် ထုတ်ဝေခြင်း ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် အကြား သဘောထား ကွဲနေတဲ့ အချက် ၁၆ ချက်ကိုလည်း ပြန်တင်ပြီး ဖြစ်လို့ ဆွေးနွေး မှုတွေ ပြီးတာနဲ့ သမ္မတ ထံ တင်ပြပြီး အတည်ပြု နိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ပြည်သူ့လွှတ်တော် အစည်း အဝေး ပြန်စတင်ရာမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ် အသစ် ၄ ဦး ပါလာပြီး အဲဒီ ထဲမှာ ၂ ဦးက အမျိုးသမီး ကိုယ်စား လှယ်တွေ ဖြစ်ပြီး၊ ဒါဟာ စစ်တပ်ရဲ့ ပထမဆုံး အမျိုးသမီး ကိုယ်စား လှယ်တွေ ဖြစ်ကြောင်း သိရပါတယ်။