ဘားအံ ညီလာခံ ဒေါ်စုကို ဖိတ်မယ်

  • 14 ဇန်နဝါရီ 2014
Burma Peace Talks ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေ ပြီးခဲ့တဲ့ နှစ်က မြစ်ကြီးနားမှာ ဆွေးနွေးခဲ့

လာမယ့်လ ကျရင် ဘားအံ မြို့မှာ ပြုလုပ်မယ့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို လေ့လာသူ အဖြစ် ဖိတ်ဖို့ ရှိတယ်လို့ နှစ်ဘက် စလုံးက ပြောပါတယ်။

ငြိမ်ချမ်းရေး ဆွေးနွေးပွဲတွေမှာ ပြည်ပ သံတမန်တွေကို ဖိတ်သလို ပြည်တွင်း မှာလည်း နိုင်ငံရေး အရ သြဇာ ရှိသူ တွေကို ဖိတ်ဖို့ လိုတယ်လို့ တိုင်းရင်းသားတွေ ဘက်က မြင်တဲ့ အတွက် အစိုးရ ဘက်က ဝန်ကြီး ဦးအောင်မင်းတို့နဲ့ ဆွေးနွေးပြီး သဘော တူခဲ့တယ်လို့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ တိုင်းရင်းသား ပေါင်းစုံ ပါတဲ့ လုပ်ငန်းအဖွဲ့က ဦးနိုင်ဟံသာက ပြောပါတယ်။

တိုင်းရင်းသား အင်အားစုတွေ အချင်းချင်း ကြားမှာ ဆွေးနွေး ကြပြီး ပြည်တွင်းက ဆိုရင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးခွန်ထွန်းဦး တို့ကို ဖိတ်ဖို့ ရည်ရွယ်တယ်လို့ လည်း ဆိုပါတယ်။

မူလတုန်းက ဆွေးနွေးပွဲလုပ်ဖို့ ရည်မှန်းထားတဲ့ ရက်ကို နောက်ဆုတ် လိုက်တဲ့ အတွက် လောလောဆယ်တော့ ဒေါ်အောင်ဆန်း စုကြည်ကို မဖိတ်ရသေးဘူးလို့ လည်း သူက ပြောပါတယ်။

အရင်ဆွေး နွေးပွဲတွေတုန်းက ဒေါ်အောင်ဆန်း စုကြည်ကို မဖိတ်နိုင် ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့တော့ တိုင်းရင်းသား တွေနဲ့ အစိုးရကြား မြစ်ကြီးနားမှာ တစ်ကြိမ်ပဲ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့ သေးတာ ဖြစ်ပြီး အဲဒီတုန်းက ဆွေးနွေးပွဲ လုပ်ဖို့ စီစဉ်တဲ့ အချိန် နည်းလွန်းတဲ့ အတွက် မဖိတ်ဖြစ် ခဲ့တာလို့ ဦးနိုင်ဟံသာက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကို ရန်ကုန်မှာ တွေ့ခဲ့တုန်းက အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ကို ဆွေးနွေးဖြစ်ခဲ့ရာမှာ ဖိတ်ရင် တက်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တဲ့ အတွက် သူ ဆွေးနွေးပွဲ တက်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးနိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ