၂၀၁၄-၁၅ ဘတ်ဂျက် စီမံကိန်း အစိုးရ ရှင်းပြ

Image caption အရင်နှစ်ကထက် အစိုးရက အသုံးစရိတ် ၇သန်းနီးပါး ပိုတောင်းထား

လာမယ့် ဧပြီလမှာ စတင်မယ့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဘတ်ဂျက်ငွေအတွက် ဝန်ကြီးဌာန တခုချင်း အလိုက် မူဝါဒ၊ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်း ပြောပြနေမှုတွေ ဒီကနေ့ ပြီးဆုံးသွားပြီဖြစ်ပြီး အသုံးပြုမယ့် ငွေအရေအတွက်ကိုလည်း လွှတ်တော်အမတ် တွေကို ဝေငှထားပြီး ဖြစ်ပါတယ်။

ဝန်ကြီးဌာန အလိုက်နဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရ အသုံးစရိတ် အားလုံးက သန်းပေါင်း ၂၂သန်းနီးပါး ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရဝင်ငွေက သန်းပေါင်း ၁၉ သန်းကျော် ရှိတာမို့ လိုငွေက သန်းပေါင်း ၂ သန်း ၇သိန်းကျော် ဖြစ်ပါတယ်။

အစိုးရက ဝင်ငွေ ပိုရလာတဲ့အပေါ် မူတည်ပြီး ပြီးခဲ့တဲ့နှစ်ကထက် စာရင် အခုနှစ်မှာ အသုံးစရိတ် ကျပ် ၇ သန်းနီးပါး ပိုတောင်းထားတာ တွေ့ရပါတယ်။

ဒါကြောင့်လည်း ဝန်ကြီးဌာန အတော်များများက ငွေတွေ ပိုသုံးစွဲဖို့ လျာထားပါတယ်။

အများ စိတ်ဝင်စားနေတဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်ကိုတော့ သန်းပေါင်း ကျပ်၂ သန်းကျော် လျာထားတာ ဖြစ်ပါတယ်။

ပညာရေးအတွက်ကတော့ မူလတန်းအထိ အခမဲ့ ပညာရေးအဖြစ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကျန်းမာရေး ကဏ္ဍပိုင်းမှာလည်း ငွေပိုသုံးဖို့ လျာထားပါတယ်။

အစိုးရသစ် အသုံးစရိတ်အတွက် လွှတ်တော်က အတည်ပြုပေးဖို့ အခုဆိုရင် ၃ နှစ်ရှိပြီဖြစ်ပေမယ့် လုပ်ငန်း အောင်မြင်မှု ရှိမရှိ မသိရတဲ့အတွက် လွှတ်တော် အမတ်တွေက စိတ်ဝင်စားမှု အားနည်းလာတယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

အစိုးရဲ့ မူဝါဒ လုပ်ငန်းစဉ်တွေကို အခုလကုန်ပိုင်းမှာ အတည်ပြုပြီးရင်တော့ လာမယ့် လအတွင်းမှာ ဘတ်ဂျက် အသုံးစရိတ်ကို အတည်ပြုပေးဖို့ ရှိပါတယ်။