ပုလိပ်ချည်မျှင်နဲ့အထည်စက်ရုံ ၀န်ထမ်းတွေ ဆန္ဒပြ

Image caption ပုလိပ် အထည်စက်ရုံ လုပ်သားတွေ ဆန္ဒပြနေ

စက်မှု ၁ ၀န်ကြီးဌာနလက်အောက်မှာရှိတဲ့ ပုလိပ် အမှတ် ၂ ချည်မျှင်နဲ့အထည်စက်ရုံကို တရုတ်အမျိုးသားပိုင် ပန်ဒါကုမဏီကို ငှားရမ်းထားရာကနေ နှစ် ၃၀ စာချုပ်နဲ့ လုပ်ပိုင်ခွင့် အားလုံးကို လွှဲပြောင်းလိုက်လို့ စက်ရုံလုပ်သားတွေ အလုပ်ပြုတ်မယ့် အနေအထား ဖြစ်နေတာကြောင့် စက်ရုံ၀န်ထမ်းတွေက သူတို့ရပိုင်ခွင့်အတွက် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

စက်မှု ၁ ၀န်ကြီးဌာန လက်အောက်မှာ အရှုံးပေါ်နေတဲ့ စက်ရုံတွေကို အရင်နှစ်တွေက ပုဂလိကတွေ ငှားရမ်း လွှဲပြောင်းတဲ့ထဲမှာပါသွားတဲ့ နိုင်ငံကျော် ပလိပ် တက်ထရွန်ထွက်တဲ့ စက်ရုံမှာ လုပ်သား ၃၀၀ကျော် ဆန္ဒပြ နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က စက်ရုံက ပစ္စည်းတွေနဲ့ လုပ်သားတွေအားလုံးကို မူလ အစိုးရပေးတဲ့ လစာစနစ်နဲ့ ပန်ဒါကုမဏီကို ငှားရမ်းလုပ်ကိုင်ခဲ့ပေမယ့် ဒီနှစ်ဆန်းကစပြီး မူလလုပ်ကိုင်ခဲ့တဲ့ လုပ်သားတွေကို အစိုးရ ၀န်ထမ်းအဖြစ်က ရပ်နားလိုက်တယ်လို့ စက်ရုံ တာ၀န်ရှိသူက နုတ်မိန့်နဲ့ ပြောခဲ့တာကြောင့် အလုပ်လက်မဲ့ဖြစ်တော့မှာမို့ ဆန္ဒပြတာဖြစ်တဲ့အကြောင်း စက်ရုံအလုပ်သမားအဖွဲ့ အတွင်းရေးမှူး ကိုဇော်ထိုက်က ပြောပါတယ်။

အရင်က စက်ရုံလုပ်သားတွေဟာ လုပ်ခ လစာအပြင် ရှားပါးစရိတ်ဆိုပြီး အစိုးရထောက်ပံ့ငွေ ၃သောင်းရခဲ့တာကို အခုလကုန်ကစပြီး မရတော့တဲ့အပြင် လက်ရှိ ပန်ဒါ ကုမဏီကလည်း အလုပ်ဆက်ခန့်မယ် မခန့်မယ် မသေမချာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အရင် လခစားမဟုတ်တဲ့ နေ့စားသမားတွေကတော့ လုံး၀ အလုပ်လက်မဲ့ ဖြစ်သွားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

လခစား၀န်ထမ်းတွေကိုလည်း ဆက်မခန့်တော့ဘူးဆိုရင် မူလကရနေတဲ့ ၀န်ထမ်းရိပ်သာ အိမ်ယာကနေ ဆင်းပေးရတော့မှာမို့ အားလုံးက စိတ်ပူနေကြပါတယ်။

ဒီကိစ္စအသေးစိတ်သိနိုင်ဖို့ စက်မှု ၁ ၀န်ကြီးဌာနဖက်ကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါနဲ့ လက်ရှိတာ၀န်ယူနေတဲ့ ပန်ဒါကုမဏီရဲ့ အတွင်းရေးမှူး ဒေါ်တင်တင်ရွှေကို ဆက်သွယ်မေးကြည့်တော့ အားလုံးနဲ့ ညှိနိုင်းပြီးမှ ဆုံးဖြတ်မယ်လို့ဆိုသွားပါတယ်။

ဒါပေမယ့် ပန်ဒါကုမဏီနဲ့ ဆက်လက်တွဲရမယ်ဆိုရင် အစိုးရအနေနဲ့ မူလပေးတဲ့ ရှားပါးစရိတ် သုံးသောင်းလည်း ခံစားခွင့်ထပ်ပေးဖို့ ကုမဏီ၀န်ထမ်းတွေရဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ အချိန်ပိုခံစားခွင့်အပါအ၀င် ရုံးပိတ်ရက်တွေ၊ ရှောင်တခင်ခွင့်တွေခံစားခွင့်ပေးဖို့ စတဲ့ တောင်းဆိုချက် ၁၃ ချက်ကို ကိုင်ထားပြီး စက်ရုံတာ၀န်ရှိသူတွေနဲ့ စက်မှု၀န်ကြီးဌာန တာ၀န်ရှိသူတွေ အလာကို စောင့်နေကြပါတယ်။

ခုလက်ရှိ ပုလိပ်စက်ရုံမှာ ၀န်ထမ်း ၁၀၂၅ ယောက် ရှိတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ