အသိမ်းခံ မြေတွေအတွက် ပူးပေါင်း ဆန္ဒထုတ်ဖေါ်

  • 18 ဇန်နဝါရီ 2014
Image caption ဒီဆန္ဒထုတ်ဖေါ်ပွဲဟာ နိုင်ငံတဝှမ်း မြေယာ အသိမ်းခံရသူတွေ စုပေါင်း လုပ်ခဲ့တာကြောင့် ထူးခြား အရေးပါတယ်လို့ ဦးနေမျိုးဇင်ပြော

မြန်မာနိုင်ငံတွင်းမှာ မတရား အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်မရသေးတာကို သက်ဆိုင်ရာ တိုင်းဒေသကြီး အဖွဲ့တွေက ဖြေရှင်းမပေး သေးတာနဲ့ ပတ်သက်လို့ ဆန္ဒ ထုတ်ဖေါ်ပွဲ တရပ်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၃၄မြို့နယ်က တောင်သူ လယ်သမားတွေနဲ့အတူ ကချင်ပြည်နယ် မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက လယ်သမားတွေ ပူးပေါင်း ပြီး သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဆန္ဒ ထုတ်ဖေါ်ခဲ့ကြတာပါ။

လယ်မြေသိမ်းခံ တောင်သူ လယ်သမားကြီးတွေ အနေနဲ့ အရင်က သတ်သတ်စီ ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပေမယ့် ဒီကနေ့မှာတော့ စက်ရုံ ဆောက်ဖို့ အကြောင်းပြ သိမ်းထားတဲ့ ရေတာရှည်ဘက် ဧကပေါင်း ထောင်ချီတဲ့ လယ်မြေတွေ၊ တပ်မတော်ကနေ တပ်ပိုင်မြေအဖြစ် သိမ်းထားပြီး ခုချိန်ထိ ဘာမှ မဆောက်ပဲ အလဟဿ ဖြစ်နေတဲ့ မြေယာတွေ၊ ခရိုနီ လူတန်းစားကြီးတွေ ရဲ့ အသိမ်းခံခဲ့ရတဲ့ မြေယာတွေရဲ့ လယ်သမားကြီးတွေ အားလုံး ပူးပေါင်း ပါဝင် ဆန္ဒပြခဲ့ကြတယ်လို့ တောင်သူလယ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ့ လူမှုဘဝ တိုးတက်မြင့်မားရေး အသင်းက ဦးနေမျိုးဇင်က ပြောပါတယ်။

ဒီဆန္ဒ ထုတ်ဖေါ်ပွဲအတွက် ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် မရခဲ့ကြောင်း၊ ဒါပေမယ့် စီစဉ်ထားတဲ့အတိုင်း ကျင်းပခဲ့ကြကြောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံတဝှမ်း လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေ၊ ဖြစ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းမပေးတာတွေ၊ ဖြစ်လာနိုင်ခြေ ရှိတဲ့ စားဝတ်နေရေးနဲ့ အသက်ဘေး အန္တရာယ် စတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဓိက စိုက်ပျိုးရေး နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆိုတာကို ဦးစားပေးနေတဲ့ အစိုးရ အတွက် အကြီးမားဆုံး ပြဿနာဟာ လယ်သမား အကျိုးစီးပွား ဖြစ်တယ် ဆိုတာကို ပြသလိုက်နိုင်ခဲ့တဲ့အတွက် ထူးခြားအရေးပါတဲ့ ဆန္ဒ ထုတ်ဖေါ်ပွဲဖြစ်တယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။

မြေယာ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့အောက်ခြေမှာ ဖြစ်ပျက်နေတာတွေ၊ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ မြေနေရာ ကိစ္စတွေမှာ ဥပဒေ ဘက်တော်သား တွေက ငွေရှင်တွေဘက်လိုက်ပြီး ထောင်ချနေတာတွေကို ဒီဆန္ဒ ထုတ်ဖေါ်ပွဲကနေ နိုင်ငံခြား သတင်းမီဒီယာတွေ နိုင်ငံခြား ကုန်သည် အဖွဲ့အစည်းတွေ သိအောင် ပြနိုင်ခဲ့တယ်လို့ တောင်သူလယ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ့ လူမှုဘဝ တိုးတက်မြင့်မားရေး အသင်းက ဦးနေမျိုးဇင်က ဘီဘီစီကို ပြောပြပါတယ်။