အနည်းဆုံး အခကြေးငွေ အခုနှစ်အတွင်း သတ်မှတ်နိုင်ဖို့ရှိ

  • 19 ဇန်နဝါရီ 2014
Image caption အလုပ်သမားတွေ အတွက် အနည်းဆုံး အခကြေးငွေ မသတ်မှတ်ထားတာကြောင့် အလုပ်သမားတွေမှာ နစ်နာမှုတွေ ရှိနေ

မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် အနည်းဆုံး အခကြေးငွေ ပမာဏကို အခုနှစ်အတွင်း သတ်မှတ် ကြေညာနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေတယ်လို့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အလုပ်သမား နည်းဥပဒေ ထွက်ရှိတာ တနှစ်နီးပါး ရှိသွားပြီ ဖြစ်ပေမယ့် အနည်းဆုံး အခကြေးငွေ ပမာဏကိုတော့ ခုထိ ထုတ်ဖေါ် ကြေညာနိုင်ခြင်း မရှိသေးပါဘူး။

အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ဖို့အတွက် အမျိုးသား ကော်မီတီတွေ၊ ပြည်နယ်နဲ့ တိုင်းအလိုက် ကော်မီတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေရာမှာ အလုပ်သမားတွေရဲ့ နေထိုင် စားသောက်မှု ကုန်ကျစရိတ်တွေကို လေ့လာ စစ်တမ်းကောက်ယူခဲ့သလို အလုပ်ရှင်တွေရဲ့ ရင်းနှီး စိုက်ထုတ်မှုတွေကိုလည်း လေ့လာ ခဲ့တယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။

အဲဒီကနေ နှစ်ဘက် မျှတတဲ့ Data အချက်အလက်တွေကို ဖေါ်ထုတ်သွားမယ်လို့ ဆိုပါတယ်။

လေ့လာ စစ်တမ်းကောက်ယူလို့ ရလာတဲ့ ယာယီ အကြမ်းဖျင်း သတ်မှတ်မယ့် အနည်းဆုံး အခကြေးငွေကို ပြည်သူတွေကို ရက်ပေါင်း ၆၀ ကြိုတင် ကြေညာ မှာ ဖြစ်ကြောင်း၊ ကန့်ကွက်ချက်တွေ ရှိရင် ဖြေရှင်းမှာ ဖြစ်ပြီး မရှိရင်တော့ အတည်ပြုနိုင်ဖို့ အစိုးရအဖွဲ့ကို တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဦးမျိုးအောင်က ရှင်းပြပါတယ်။

ဒါပေမယ့်လည်း အလုပ်ရှင် ပေးနိုင်တဲ့ ငွေပမာဏနဲ့ အလုပ်သမားတွေ လိုချင်တဲ့ ငွေပမာဏ ကိုက်ညီမှု ရှိရေး ဆောင်ရွက်ရာမှာ မတူတဲ့ ကြားကွက်လပ်ကို ညှိရမှာ ဖြစ်တာကြောင့် ညင်ညင်သာသာ ကိုင်တွယ် ဆောင်ရွက်ရမှာမို့ အချိန်ကာလ တရပ် လိုအပ်တယ်လို့လည်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။