မြန်မာ နိုင်ငံထဲ ဝင်ချင်တဲ့ အကြမ်းဖက် သမားတွေ ဖမ်းမိ

  • 20 ဇန်နဝါရီ 2014
Pakistan Taliban ဓာတ်ပုံ မူပိုင် Bangla News 24
Image caption ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းမိတဲ့ ပါကစ္စတန် တာလီဘန်နဲ့ ဆက်စပ် သူများ( ဓါတ်ပုံ-Bangla News 24 )

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ် တက်ကနက် မြို့ကနေ တဆင့် မြန်မာ နိုင်ငံကို ဝင်ရောက်ဖို့ ရည်ရွယ်ချက်ရှိတဲ့ ပါကစ္စတန် တာလီဘန် အဖွဲ့နဲ့ ဆက်စပ်သူ ၃ ယောက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကာ မြို့တော်မှာ ဖမ်းဆီး မိခဲ့ပါတယ်။

သတင်း အရ တနင်္ဂနွေ နေ့က ဖမ်းမိသူတွေဟာ အသက် ၂၀ ကျော် အရွယ် နှစ်ယောက်နဲ့ အသက် ၅၀ ကျော် တစ်ယောက် တို့ ဖြစ်ကြပြီး သူတို့ ကိုယ်တိုင်က ပါကစ္စတန်မှာ အခြေစိုက်တဲ့ ပါကစ္စတန် တာလီဘန် အကြမ်းဖက် အဖွဲ့ TTP နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတာ ဝန်ခံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရဲ အရာရှိကြီး တစ်ယောက်က ဘီဘီစီ ကို ပြောပါတယ်။

သူတို့ အားလုံးဟာ ပါကစ္စတန် နိုင်ငံသားတွေ ဖြစ်ကြပြီး နှစ်ယောက်က မြန်မာ နိုင်ငံ ရခိုင် ပြည်နယ်မှာ မွေးဖွားပြီးနောက် ပါကစ္စတန်မှာ အခြေချ ခဲ့ကြသူတွေ လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ထဲမှာ မွတ်ဆလင်တွေ ဖိနှိပ်ခံနေရတဲ့ အတွက် အကူအညီ ပေးဖို့ သွားလိုတဲ့ ဆန္ဒရှိသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့ နဲ့ အတူ ဖမ်းဆီးမိတဲ့ လက်ပ်တော့ ကွန်ပြူတာ ထဲမှာ လက်လုပ်ဗုံး လုပ်နိုင်တဲ့ နည်း ပညာတွေနဲ့ ဖောက်ခွဲရေး နည်းပညာတွေ ပါတဲ့ အချက်အလက်တွေ တွေ့ရပြီး ဗုံးလုပ်နည်း သင်တန်းတွေ တက်ထား ကြတယ်လို့ သူတို့ ကိုယ်တိုင် ဝန်ခံကြကြောင်း စောစောက ဘင်္ဂလားဒေ့ရှ် ရဲ အရာရှိကြီးက ပြောပါတယ်။

အခု ဖမ်းမိသူတွေနဲ့ အတူ ပါကစ္စတန်ကနေ တခြား ဘယ်သူတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်လာခဲ့သေး သလဲ ဆိုတာနဲ့ သူတို့မှာ တခြား ဘာ အစီအစဉ်တွေ ရှိတယ် ဆိုတာ သိရအောင် ဘင်္ဂလားဒေ့ရှ် ရဲက ဆက်လက် စစ်ဆေးနေတယ်လို့ လည်း သူက ပြောပါတယ်။