မြန်မာ့ စိမ်းပြာ ရေညှိ အထွက်နှုန်း ကျဆင်း

  • 21 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption စိမ်းပြာ ရေညှိကို သဘာဝအတိုင်း ရနိုင်တဲ့ နေရာ လေးနေရာ ထဲမှာ မြန်မာနိုင်ငံပါဝင်

ကမ္ဘာပေါ်မှာ Spirulina စိမ်းပြာရေညှိကို သဘာဝအတိုင်း ရနိုင်တဲ့ နေရာ လေးနေရာ ထဲက တစ်ခု အပါအဝင် ဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့နယ် တွင်းတောင်အင်းမှာ စိမ်းပြာ ရေညှိ အထွက်နှုန်းဟာ သိသိသာသာ ကျဆင်း လာနေပါတယ်။

spirulina စိမ်းပြာ ရေညှိ တစ်ခုတည်းပဲ ထူးထူးခြားခြား ထွက်တဲ့ တွင်းတောင်မှာ ပြီးခဲ့တဲ့ (၂)နှစ်လောက် ကစလို့ စိမ်းပြာရေညှိ အထွက်နှုန်းဟာ သိသိသာသာ ထိုးကျလာနေပြီး ဒါဟာ တွင်းတောင်အင်း အနီးတဝိုက်မှာ ရှိတဲ့ အစိုးရရဲ့ မြစ်ရေတင် စီမံကိန်းကနေ ရေချိုတွေ စိမ့်ဝင်လာတာကြောင့် ဖြစ်တယ်လို့ စိမ်းပြာရေညှိတွေကို တွင်းတောင်အရပ်မှာ စတင် တွေ့ခဲ့တဲ့ ရေညှိပညာရှင် ဒေါက်တာမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

တွင်းတောင်က ထွက်ရှိနေတဲ့ စိမ်းပြာရေညှိဟာ ကမ္ဘာမှာ ရှိတဲ့ တခြား စိမ်းပြာရေညှိတွေထက် အရည်အသွေး သာလွန်ပီး ဗိုင်းရပ်စ်ပိုး အမျိုးမျိုးကိုလည်း ဟန့်တားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ တွင်းတောင်အင်း ထိန်းသိမ်းရေးကို အစိုးရ ဝန်ကြီးဌာနတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပူးပေါင်း ဆောင်ရွက်နေပါတယ်။

တွင်းတောင်ရဲ့ ဂေဟစနစ်ကို အချိန်မှီ မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ စိမ်းပြာရေညှိ ထွက်ရှိမှုဟာ လုံးဝ ပျက်သုန်းတော့မယ့် အနေအထားမှာ ရှိနေတာကြောင့် အစိုးရအနေနဲ့ မြစ်ရေတင်စီမံကိန်း နဲ့ တွင်းတောင် ထိန်းသိမ်းရေး တခုခုကို ရွေးချယ်သင့်တယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။

လက်ရှိမှာ တွင်းတောင်အင်း စိမ်းပြာရေညှိ စီမံကိန်းကို အစိုးရ စက်မှုဝန်ကြီးဌာန က ၈၀% ၊ ပုဂ္ဂလိက ကုမ္ပဏီဘက်က ၂၀% ပိုင်ဆိုင်ထားပြီး အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

တွင်းတောင်အင်းက ထွက်ရှိတဲ့ စိမ်းပြာရေညှိတွေကို အာဟာရ ဖြည့်စွက်စာ၊ ဇီဝ မြေသြဇာ အပြင် ဆေးဝါးထုတ်လုပ်ရေးတွေမှာပါ အသုံးပြုနေတာ ဖြစ်ပါတယ်။