မွတ်ဆလင် ပဋိပက္ခတွေကို အစိုးရက ကာကွယ်တားဆီးမှု မရှိခဲ့ဘူးလို့ HRW ပြော

  • 22 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် HRW
Image caption HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့

၂ဝ၁၃ အတွင်း မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်မှု တချို့ ရှိခဲ့ပေမယ့် မွတ်ဆလင် တွေကို အကြမ်းဖက် တိုက်ခိုက်တာလို ထိခိုက်မှုတွေလည်း ရှိဆဲ ဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

၂ဝ၁၃ နှစ်ကုန်ပိုင်းမှာ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား ရာနဲ့ချီပြီး ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ပဋိပက္ခတွေ ကို အစိုးရ က လုံလောက်အောင် ကာကွယ်တားဆီးမှု မရှိဘူးလို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစိုးရ အနေနဲ့ ပြည်သူ လူထု ရဲ့ အသက် အိုးအိမ်ကို စောင့်ရှောက်ပေးရမယ့် တာဝန် ရှိပြီး မျိုးနွယ်စု တွေနဲ့ ဘာသာ မတူသူတွေကြား ပဋိပက္ခ တွေမှာ ထိခိုက် ပျက်စီးမှု တွေ မရှိအောင် ကာကွယ် ပေးရမှာ အစိုးရ တာဝန်လို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က Phil Robertson က ဘီဘီစီ ကို ပြောကြား ပါတယ်။

မနှစ်က ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အရေးအခင်းမှာ ရဲတွေရဲ့ လက်ပိုက်ကြည့်နေမှုက သိသာ ထင်ရှားလှပြီး ၂ဝ၁၂ က ဖြစ်ပွားတဲ့ ရခိုင် ပြည်နယ် အဓိကရုဏ်းတွေမှာတော့ လုံခြုံရေး တွေ ကိုယ်တိုင် ရိုဟင်ဂျာ တွေကို သတ်ဖြတ် ရာမှာ ပါဝင်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရကြောင်း သူက ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ၉၆၉ လှုပ်ရှားမှုလို ဘာသာရေး မုန်းတီးရေး တရားတွေ ဟောကြား နေမှု တွေကို ရပ်တန့်အောင် တားဆီးရမယ်လို့လည်း သူက သတိပေး ပြောကြား သွားပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေကို အပေါ် ခွဲခြား ဆက်ဆံမှုတွေ မှာ အာဏာပိုင်တွေ ပါ ပါဝင် နေပြီး ပြည်နယ်တွင်းမှာ အဓိကရုဏ်းတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ သိန်းဂဏန်း အရေအတွက် ရှိတဲ့ သူတွေကို ပညာသင်ကြားခွင့်နဲ့ တခြား အခြေခံ လိုအပ်ချက်တွေ မရအောင် ခွဲခြား ဖိနှိပ် ထားတယ်လို့လည်း Phil Robertson က ပြောကြား ပါတယ်။

ရခိုင် အမျိုးသား တိုးတက်ရေး ပါတီ ထိပ်တန်း ခေါင်းဆောင်တွေ ကိုယ်တိုင် ရိုဟင်ဂျာ တွေကို မျိုးတုံး သတ်ဖြတ်မှု မှာ ပါဝင်တဲ့ အထောက်အထားတွေ ရှိပြီး ဒါတွေကို မြန်မာ အစိုးရက မသိကျိုးကျွံပြုပြီး အရေးမယူဘဲ ထားတာက ထိန်ချန်ရာ ရောက်တယ် လို့ သူက ပြောပါတယ်။

လူမျိုးရေး ဘာသာရေး တွေနဲ့ မသက်ဆိုင်တဲ့ လူတွေရဲ့ မွေးရာပါ ရပိုင်ခွင့် ဖြစ်တဲ့ လူ့အခွင့်အရေးကို မြန်မာ အစိုးရ အနေနဲ့ တဘက် စောင်းနင်း ချိုးနှိမ်မှုတွေ လုပ်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင် ပြည်နယ်မှာ တည်ငြိမ် အေးချမ်းမှု တကယ် လိုချင်တယ် ဆိုရင် ရခိုင်နဲ့ ရိုဟင်ဂျာတွေ ယှဉ်တွဲ နေထိုင်ခွင့် ရှိတယ်ဆိုတာကို မြန်မာ အစိုးရက အသိအမှတ်ပြု လက်ခံဖို့ လိုတယ်လို့ Phil Robertson က ပြောကြားသွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ