စီးပွားရေး တိုးတက်ပေမဲ့ ငွေဖောင်းပွမှု မြင့်တာIMF ဝေဖန်

  • 22 ဇန်နဝါရီ 2014
IMF Logo ဓာတ်ပုံ မူပိုင် Getty
Image caption မြန်မာ့ စီးပွားရေး IMF အကောင်းမြင်

မြန်မာ နိုင်ငံ ရဲ့ ၂၀၁၃ ၂၀၁၄ ဘဏ္ဍာနှစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှုရှိပြီး စီးပွားရေး အလားအလာ တွေကောင်းတယ် ဆိုပေမဲ့ သတိထားစရာတွေလည်း ရှိနေတယ်လို့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

မြန်မာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုက ၇ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေပြီး လာမယ့်နှစ်မှာ ဒီ့ထက်ပို တိုးတက် နိုင်တယ်လို့ အပြုသဘော ပြောဆိုပေမဲ့ ငွေကြေး ဖောင်းပွမှုနှုန်း များနေတာကို IMFက ထောက်ပြ သတိ ပေးလိုက် ပါတယ်။

မြန်မာ အစိုးရရဲ့ အကြံပေး ပုဂ္ဂိုလ် စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးကတော့ ငွေဖောင်းပွမှု ၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ IMFက ပြောတယ် ဆိုတာ သိပ်မဆိုးလှဘူး၊ ဒါပေမဲ့ ဘာကြောင့် ဖြစ်တာလဲ ဆိုတာ သိဖို့ လိုတယ်လို့ ပြောပါတယ်။

ငွေကြေး ဖောင်းပွမှုမြင့်တယ် ဆိုရာမှာ အကောင်းနဲ့ အဆိုး နှစ်မျိုး ရှိတယ်လို့လည်း သူက ပြောပါတယ်။

ငွေဖောင်းပွနှုန်း မြင့်တာ အကောင်းဘက်မှာ ရှိနေရင်တော့ အများပြည်သူနဲ့ အလုပ် လုပ်ကြတဲ့ လုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ များလာတာ ကြောင့်လို့ ယူဆနိုင်ကြောင်း ဒေါက်တာ ဇော်ဦးက ပြောပါတယ်။

အများပြည်သူတွေနဲ့ လုပ်ငန်းရှင် တွေက အတိုးနှုန်း ကြီးကြီးနဲ့ အပြင်မှာ ငွေချေး နေကြရတာတွေဟာ ငွေဖောင်းပွမှု ဖြစ်စေတဲ့ အကြောင်း ဖြစ်တယ်လို့ ပြောနေကြတာနဲ့ ပတ်သက်လို့ တော့ ဘဏ်တွေရဲ့ အခန်းကဏ္ဍကို ပိုအားကောင်း လာအောင်လုပ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

လိုအပ်တဲ့ လုပ်ငန်းရှင်တွေကို ငွေထုတ်ချေး နိုင်အောင် ဘဏ်တွေက ကြိုးစားသင့်တယ်လို့ ဒေါက်တာ ဇော်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ